ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရာတွင် နေရပ်ပြန်ရန် (၉) ကြိမ်တိတိ စာတင်တောင်းဆိုထားသည့် ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ တင်းမကျေးရွာမှ စစ်ဘေးရှောင်များအား ချန်လှပ်ထားကြောင်း တင်းမကျေးရွာသားများထံက သိရသည်။
တင်းမကျေးရွာသားများသည် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ နှစ်စပိုင်းကတည်းကပင် နေရပ်စွန့်ခွာ၍ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြခြင်း ဖြစ်ပြီး စားဝတ်နေရေးအကျပ်အတည်းများကြောင့် မိမိနေရပ်သို့ပြန်ကာ လုပ်ကိုင် စားသောက် လိုသည့်အတွက် NLD အစိုးရလက်ထက်ကတည်းကပင် ယခုအချိန်အထိ (၉) ကြိမ်တိုင် စာတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့က စစ်တပ်(စစ်ကောင်စီ) အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီး နောက်ပိုင်းရော တောင်းဆိုထားတာပါ။ ကိုယ့်ဒေသ ကိုယ်ပြန်ပြီးလုပ်ကိုင် စားသောက် ချင်တာမို့ ကျွန်တော်တို့ကို နေရပ်ပြန်ခွင့်ပြုပါဆိုပြီး စာတင်ပြီးတောင်းဆိုခဲ့ကြတယ်။ စာထဲမှာ အဓိကပါတဲ့ အချက်တွေက ရွာအနီးအနားမှာတပ်စွဲထားတဲ့ စစ်တပ်စခန်း တွေကို ပြန်ရုတ်သိမ်း ပေးဖို့ရယ်၊ မိုင်းရှင်းလင်းပေးဖို့ရယ်၊ မီးလောင်သွားတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေး ဖို့ရယ်ကိုတောင်းဆိုထားတာပါ။ ဒါပေမယ့် အခုချိန်ထိ ဘာမှမထူးခြားခဲ့ဘူး။ ရွာမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်းသွားယူလို့မရဘူး။ ဒီလောက် အကြိမ်ကြိမ်တောင်းဆိုထားတာတောင် နေရပ်ပြန်ရတဲ့အထဲမှာ ကျွန်တော်တို့ ရွာသား တွေမပါဘူး။ ဘာကြောင့်မပါတာလဲဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ် တော့ဘူး” ဟု စစ်ဘေးရှောင် တင်းမရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ကပြောသည်။
စစ်ကောင်စီသည် စစ်ဘေးရှောင် တင်းမကျေးရွာသားများကို တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိခဲ့သလို လက်ရှိစစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရာတွင်လည်း တင်းမရွာသားများပါဝင်ခြင်းမရှိပေ။
တင်းမကျေးရွာသားများသည် လက်ရှိတွင် ကျောက်တော်မြို့ပေါ်ရှိ မီးရထားဘူတာ စစ်ဘေးရှောင်စခန်း၊ နီပူခံစစ်ဘေးရှောင်စခန်းနှင့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်း များတွင် နေထိုင်နေရပြီး စားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ရပ်တည်နေကြရသည်။
” အလှူရှင်တွေနည်းတော့ အထောက်အပံ့နည်းလာတယ်။ မိသားစုစားဝတ်နေရေး အဆင် မပြေတော့ဘူး။ ဒါကြောင့် မြို့ထဲကိုဝင်ပြီး ကြုံရာကျပန်းအလုပ်တွေ အစုံ လိုက်လုပ်တယ်။ အလုပ်အကိုင်တွေကရှားတော့ မြို့ခံတွေလုံးဝမလုပ်ချင်တဲ့ အလုပ်ကိုမှ ကျွန်တော်တို့လုပ်ရတာပါ။ ရလာတဲ့လုပ်အားခကလည်း အခုကုန်ဈေးနှုန်းတွေနဲ့ဆိုရင် မဖူလုံဘူး။ မြို့မှာနေတာက စရိတ်ပိုကြီးတယ်။သားသမီးကိုလည်း ပညာကောင်းကောင်း မသင်နိုင်တော့ဘူး။ မထူးတော့ဘူးဆိုပြီး ရွာကိုပြန်ဖို့ဆုံးဖြတ်ရင်လည်း ရွာနားသွားလို့ မရတော့ အစိုးရဆီ ခွင့်ပြုချက်တင်ခဲ့တာပါ။ အခုလည်း တစ်ခြား စစ်ဘေးရှောင်တွေ နေရပ်ပြန်နေကြတော့ ကျွန်တော်တို့လည်း ဘယ်နေ့ပြန်ရမလဲဆိုပြီး မျှော်လင့်နေတာ”ဟု စစ်ဘေးရှောင် နောက်ထပ်တင်းမရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
စစ်တပ်(စစ်ကောင်စီတပ်)သည် ပြီးခဲ့သည့် ၂၀၁၉၊ ၂၀၂၀ခုနှစ်ကတည်းက တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်တွင် တပ်စွဲထားသောကြောင့် အဆိုပါ တပ်စခန်းများကို အမြန်ဆုံးပြန်ရုတ်သိမ်းပေး၍ နေရပ်ပြန်ခွင့်ပေးစေချင်သည်ဟု တင်းမကျေးရွာသားများက ဆိုသည်။
“အခုချိန် နေရပ်ပြန်ခွင့်ရခဲ့ရင် ရွာနားမှာ စစ်တပ်စခန်းတွေရှိရင်တော့ ကျွန်မတို့ မပြန် ရဲဘူး။ အရင်စစ်ပွဲကာလတုန်းကလည်း သူတို့ကရွာထဲကို ဝင်လာပြီး ရွာသား တွေကိုဖမ်းသွားတယ်။ ပြီးတော့ကျွန်မတို့မှာ နေစရာ အိမ်လည်းမရှိတော့ဘူး။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ တပ်စွဲထားတဲ့ သူတို့တပ်စခန်းတွေကိုပြန်ရုတ်သိမ်းပေးပါ။ ပြီးတော့ ကျွန်မတို့ဘဝရပ်တည်ရေးအတွက် နေအိမ်တွေကို ပြန်ပြုပြင်ပေးပါလို့ တောင်းဆို ချင်ပါတယ်။ ကျွန်မတို့လည်း စစ်ဘေးရှောင်စခန်းမှာနေရတာ အရမ်းကို ခက်ခဲလွန်း လှပါပြီ” ဟု အသက် ၃၅ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ မတ်လအတွင်းက တင်းမကျေးရွာအနီးတွင် စစ်တပ် (ယခုစစ်ကောင်စီတပ်)နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ရွာသား ၄၀ နီးပါးခန့်ကို နေအိမ်အတွင်းတွင် ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
စစ်တပ်သည် ထိုသို့ရိုက်နှက်စစ်ဆေးပြီး ရွာသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၉ တန်းကျောင်းသားတစ်ဦးအပါအဝင် ဒေသခံ ၁၈ ဦးကို ၎င်းတို့နေထိုင်ရာ တောင်ရှည် တောင်ပေါ်သို့ဖမ်းခေါ်သွားခဲ့ပြီး အဆိုပါရွာသား ၁၈ ဦးမှာ ယနေ့အချိန်ထိ သတင်းအစ အနမရဘဲ ပျောက်ဆုံးလျှက်ရှိသည်။
ထို့အပြင် စစ်တပ်က တင်းမကျေးရွာအား ဝင်ရောက်မီးရှို့ခဲ့သောကြောင့် အိမ်ခြေ စုစုပေါင်း ၆၅၀ ရှိသည့်အနက် ၁၃၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
#ရခိုင်ပြည်နယ် #ကျောက်တော်မြို့နယ် #တင်းမကျေးရွာ #စစ်ဘေးရှောင် #နေရပ်ပြန် #၉ကြိမ်တောင်းဆို #စစ်ကောင်စီ #ချန်လှပ် #Ayeyarwaddy_Times