နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ နံနက် ပိုင်းက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို ဝင်ရောက်ခဲ့ပြီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ခေါင်းဆောင် ရဲဘော် မိုက်ကယ် (ခ) ကိုကျော်ဇောအား ခြေလက်နှင့် ဦးခေါင်တို့ကိုဖြတ်တောက်၍ သတ်ဖြတ်ခဲ့သည်။ မတ်လ ၂ ရက်နေ့ တာတိုင်ကျေးရွာမှ ပြန်လည်ထွက်ခွာချိန်တွင် ဒေသခံ ၁၆ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လမ်းတွင် ထပ်မံ သတ်ဖြတ်ခဲ့သည်။
တာတိုင်ကျေးရွာရှိ ဒေသခံများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူ ငါး ဦးနှင့် အထက်ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုသည် လက်ရှိအချိန်ထိ အမှုပေါင်း ၃၂ မှုရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက ပြောကြားသည်။
ယနေ့မတ်လ ၆ ရက်နေ့က ပြုလုပ်သည့် NUG ၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် Data နဲ့ ကျွန်တော်အတိအကျရထားတာ ၃၂ မှုပါ။ ဒါကတော့ အခုနောက်ပိုင်းမှာ တကယ်ဆိုးဆိုးဝါးဝါး ဖြစ်တဲ့အမှုတွေပါ။ ဒီထက်ပိုမိုပြီးလည်း များကောင်းများ နိုင်ပါတယ်။ ငါး ဦးထက်ကျော်ပြီး တချို့ဆိုရင် ၂၄ ဦး၊ တချို့ဆို ၃၀ ကျော်ပါ။ ဒီထက်ပိုပြီးတော့ ဖြစ်နိုင်တဲ့အရာတွေ ရှိပါသေးတယ်” ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူ့အိုးအိမ် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းများကို စနစ်တကျ စီမံချက်ချ၍ လုပ်ဆောင်နေကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။
လက်ရျိအချိန်ထိ အာဏသိမ်း စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူပေါင်း ၃,၀၀၀ နီးပါးရှိနေပြီး ဖမ်းဆီးခံနေရသည့် ပြည်သူပေါင်း ၁၈,၀၀၀ ကျော်ရှိကာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သည့် ပြည်သူ ၉၀၀ ကျော် ရှိသည်ဟု NUG က ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ပွဲပဋိပက္ခ အခြေအနေကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ကို ပြင်းပြင်းထန်ထန် ဆင်နွှဲနေပြီး အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁,၂၀၀ ကျော်ရှိသည်ကို NUG က မှတ်တမ်းတင်ထားကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
#စစ်ကိုင်းတိုင်း #တာတိုင်ကျေးရွာ #စစ်ကောင်စီ #လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #၃၂မှု #NUG #Ayeyarwaddy_Times