နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မတ်လ ၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေက ဒေသခံပြည်သူတွေကို တားဆီးစစ်ဆေးတဲ့အခါ ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားတဲ့ ပြည်သူ့စစ် တွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အခါ ဝိုင်းရိုက်နှက် ကန်ကြောက်တာမျိုးတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
” အဓိက ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးတာ၊ တစ်နေ့ထက် တစ်နေ့ စစ်ဆေးတာတွေ ပိုများလာတယ်၊ သူတို့တားတဲ့နေရာမှာ မရပ်ပေးမိရင် အုပ်စုလိုက် ဝိုင်းပြီး ထိုး၊ ရိုက်တာ မြင်လို့တောင် မကောင်းဘူး”လို့ မျက်မြင်တွေ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေက မြို့ရှောင်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်နဲ့ လူစည်ကားတဲ့ နေရာတွေမှာ နေ့စဥ်ဆိုသလို ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မြို့ပေါ်လုံခြုံရေးအတွက် စစ်ကောင်စီတပ်သားတွေကို အင်အားလျော့သုံးပြီး ပြည်သူ့စစ်အင်အားအများအပြားသုံးလာပြီး နောက်ပိုင်း ပြည်သူ့စစ်တွေက ဒေသခံပြည်သူတွေ အပေါ် ဥပဒေမဲ့ အနိုင်ကျင့်တာတွေလုပ်လာတာလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းထားတာမျိုးရှိပေမယ့် မအူပင်မြို့နယ်က ပြည်သူ့စစ်အဖွဲ့ဝင်တွေကတော့ ပြည်သူတွေအပေါ် အနိုင်ကျင့်တာ အဆိုးဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။