ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မကြာသေးမီက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ထောက်ပြခဲ့သလို မြန်မာ့အရေး ဖြေရှင်းရာမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်ရာမှာ နည်းလမ်း သစ်တွေရှာဖို့ဆိုတဲ့ တိုက်တွန်းချက်က မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး နည်းလမ်းသစ်တွေ ပြန်လည်စဉ်း စားဖို့ အာဆီယံအဖွဲ့အတွက် လှုံ့ဆော်မှုတစ်ခု ဖြစ်ပါတယ်။

အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ချမှတ်တာ အာဆီယံအဖွဲ့ရဲ့ မူဝါဒဖြစ်ပေမယ့် ဒေသတစ်ခုလုံးကို သက်ရောက် စေတဲ့ ပြဿနာတွေကို နှုတ်ဆိတ်မနေသင့်ဘူးလို့ နှစ်ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

မြန်မာ့အကျပ်အတည်းက ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးကို ထိခိုက်စေတဲ့ ပြည်တွင်း ရေးမဟုတ်တာကြောင့် မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အတွင်း အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာ အာဏာသိမ်းစစ်ကောင်စီကို နားချနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေရမယ်လို့ ဖိလစ် ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်က အာဆီယံခေါင်းဆောင်တွေနဲ့ လက်မှတ်ရေး ထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိပါဘူး။

မြန်မာနိုင်ငံရဲ့အခြေအနေက ရှုပ်ထွေးပြီး စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ဖော် ဆောင်ဖို့ငြင်းဆန်တာကို စိတ်ပျက်မိတယ်လို့ ဝါရှင်တန်မြို့တော်ရှိ National War ကောလိပ်နဲ့ ဂျော့တောင်း တက္ကသိုလ်မှ ပါမောက္ခတစ်ဉီးဖြစ်သူ ဒေါက်တာ ဇာချာရီအဘူဇာက ပြောပါတယ်။

အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး၊ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ အခြေခံစည်း မျဉ်းတွေကြောင့် မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ရပ်တည်ချက်က မလုံလောက်သေးဘူးလို့ သူက ဆိုပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ လုပ်ဆောင်စရာတွေ အများကြီးရှိပါသေးတယ်။ အာဆီယံမှာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံနေတဲ့ အစိုးရတွေရှိနေတာကြောင့် အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး၊ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ အခြေခံစည်းမျဉ်းတွေက မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ အလုပ်မဖြစ်ပါ ဘူး” လို့ သူက ထောက်ပြပါတယ်။

“မြန်မာစစ်တပ်နဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်စရာ မလိုဘူးလို့ ကျွန်တော် ထင်ပါ တယ်။ မြန်မာစစ်တပ်ဟာ စေ့စပ်ညှိနှိုင်းလိုတဲ့ စိတ်ဆန္ဒမရှိဘဲ သူတို့ရဲ့ရည်မှန်းချက်က အတိုက်အခံတွေကို ချေ မှုန်းဖို့သာဖြစ်ပါတယ်” လို့ အဘူဇာက ပြောပါတယ်။

“မြန်မာစစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်တော့မှ ဖော်ဆောင်မှာမဟုတ်ပါဘူး။ ဘာကြောင့် အာဆီယံအဖွဲ့က စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရမှာလဲ? အာဆီယံအနေနဲ့ NUG နဲ့ ပုံမှန်ဆိုသလို ထိတွေ့ဆက်ဆံတာ အကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြု ပေမယ့် NUG နဲ့ ထိတွေ့ဆက်ဆံရင် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတွေ ရူးခါသွားလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ဒီနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌတာဝန် အားကောင်းအောင်လုပ်ဆောင်ရာမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါရဲ့ အခန်းကဏ္ဍက အရေးကြီးလာလိမ့်မယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ သစ်တီနန်ပွန်ဆူဒီရတ်ခ်က ပြောပါတယ်။

“မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ရပ်ဆိုင်းတာ၊ ဒေသတွင်းမှာ အထီးကျန်အောင်လုပ်တာ အပါအဝင် ရွေးချယ်စရာအားလုံး ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ကို ဖိအားပေးတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အာဆီယံအဖွဲ့က NUG နဲ့ ထိတွေ့ဆက်ဆံသင့် တယ်လို့ သစ်တီနန်က ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အဖတ်ဆယ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဂျကာတာမြို့တော် ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) နိုင်ငံတကာဆက်ဆံရေးဌာန အကြးအကဲ လီနာအလက် ဇန္ဒားက ပြောပါတယ်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အခြေအနေတိုးတက်လာဖို့ အာဆီယံအဖွဲ့က ရှင်းလင်းပြတ်သား တဲ့ လမ်းပြမြေပုံတစ်ခုနဲ့အတူ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆွေးနွေးဖက်မိတ်ဖက်တွေနဲ့ လက် တွဲဆောင်ရွက်နိုင်တယ်လို့ လီနာက ပြောပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၇၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အများလက်ခံယုံကြည်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုကို စမ်းသပ်မှု တစ်ခုလို့ ပထဝီနိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေ၊ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

Bernama ဝဘ်ဆိုဒ်မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Linda Khoo Hui Li ရဲ့ High time for ASEAN to reconsider its approaches to resolve Myanmar crisis – Analysts ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။