စစ်ဘေးရှောင် မီးဖွားလူနာတွေ မဖြစ်မနေ သိဖို့လိုအပ်သောအကြောင်းအရာများ
ဆောင်းပါးရှင်ဒေါက်တာမိုးသစ်နေ
ဧရာ၀တီတိုင်းမ် (မတ်လ ၅ ရက်)
အမျိုးသမီးတို့၏ ကိုယ်ဝန်ဆောင်ကာလကို မီးဖွားခြင်းဆိုတဲ့ လူသားမျိုးဆက်သစ် တစ်ယောက် မွေးထုတ်လိုက်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ မီးဖွားစဉ် ကြုံတွေ့ရမယ့် အခြေအနေတွေကိုကြိုတင်သိနိုင်ဖို့ ပြောပြသွားပါမယ်။
စစ်ရှောင်နေစဉ် ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် ပြည့်တဲ့အခါ မီးဖွားဖို့ အသင့်အခြေ အနေမှာ ရှိနေရပါမယ်။
မီးဖွားဖို့အတွက် ဘာတွေပြင်ဆင်ထားရမှာလဲ?
မွေးဖွားမယ့်နေရာနဲ့ သယ်ယူပို့ဆောင်ရေးကိစ္စကို သေချာစဉ်းစားထားရပါမယ်။ စစ်ပွဲတွေအချိန်မရွေး ထဖြစ်နိုင်တဲ့အတွက် အတတ်နိုင်ဆုံး safe camp (လုံခြုံမှု ရှိတဲ့နေရာ) အနားမှာပဲ နေစေချင်ပါတယ်။
အာထွာဆောင်း (တယ်လီဗေးရှင်ဓါတ်မှန်) ရိုက်ထားတဲ့အဖြေတွေ ကိုယ်ဝန်ဆောင် ကျန်းမာရေးဆေးမှတ်တမ်းတွေ သွေးစစ်ဆီးစစ်အဖြေတွေရှိရင် အားလုံးကို စုပေါင်း သိမ်းဆည်းထားပါ။
သားဖွားပေးမယ့်သူကတော့ နွေးထွေးသန့်ရှင်းညီညာပြန့်ပြူးတဲ့ နေရာထိုင်ခင်း၊ ပိုးသန့်စင်ထားတဲ့ လက်အိတ် ၊ ဘလိတ်ဓား / ကတ်ကြေး ချက်ကြိုးညှက်ကလစ်တွေရယ် နောက် မွေးကင်းစကလေးငယ်အတွက် သန့်ရှင်းနူးညံ့တဲ့အနှီးတွေနဲ့ အဝတ်အစားတွေကို ကြိုတင်ပြင်ဆင်ထားပေးရပါမယ်။
မွေးဖွားခါနီးလက္ခဏာများ
– ဗိုက်ဆက်တိုက်နာပြီး သားအိမ်ညှစ်အားတိုးကာ တဖြည်းဖြည်း ပို၍ သာ၍ နာလာပါ မယ်
– ရေမွှာပေါက်ပြီး ရေတွေဆင်းလာပါမယ်
– သွေးစအချွဲ (ခေါင်းချွဲ) တွေဆင်းလာပါမယ်။
ဒါတွေကြုံရပြီဆို ကျန်းမာရေးဝန်ထမ်း ဆရာဝန်/သူနာပြု/သားဖွားဆရာမ ရှိရာကို သွားဖြစ်အောင်သွားရပါမယ်။
အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးစမ်းသပ်ပေးပြီးတဲ့အခါ သားအိမ်ညှစ်အား မကောင်းသေးရင် အားမကုန်စေဖို့ အနားယူထားဖို့ ရှင်းပြပေးရပါမယ်။ ဗိုက်ညှစ်အားကောင်းနေပြီဆိုပါက ခန့်မှန်းမွေးမယ့်အချိန်ကို တွက်ချက်ပေးပါလိမ့်မယ်။
မိန်းမကိုယ် မွေးလမ်းကြောင်းထဲမှာ
– ကလေးခေါင်းအချွဲလို့ခေါ်တဲ့ အချွဲလေးတွေ ဆင်းလာတာ
– ရေမွှာအိတ်ပေါက်ပြီး ရေဆင်းတာ
– သားအိမ်အပေါက်ဝ တဖြည်းဖြည်း ကျယ်လာတာ
– သားအိမ်ခေါင်းနံရံအဝ နူးညံ့ပျော့ပါးလာတာ
– ကလေးခေါင်းက သားအိမ်အဝအထိရောက်လာတာတွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။
သားအိမ်ကလည်း ညှစ်ချိန်ရော ညှစ်အားပါ တိုးတက်လာမှာပါ။ မေမေတို့ရဲ့ ဗိုက်နာတာ ဗိုက်တင်းကျပ်တာတွေ ပိုအားကောင်းလာပါလိမ့်မယ်။
မွေးလမ်းကြောင်းအစ သားအိမ်အပေါက်ဝ (4 centimetres) လေးစင်တီမီတာ ရောက်ပြီဆိုရင် မီးဖွားခြင်းကိစ္စ အရှိန်ရလာပြီလို့ဆိုရပါလိမ့်မယ်။
နောက် ၆နာရီအတွင်း မွေးလမ်းကြောင်းအပြည့် (10 centimetres) တစ်ဆယ်စင်တီမီတာအထိ ပွင့်သွားပြီဆိုတာနဲ့ သားအိမ်ညှစ်အားပြင်းပြင်းနဲ့ ကလေးငယ်ကို မွေးထုတ်တော့မှာပါ။ Saline ပုလင်းကြီးထဲကို စင်တိုဆီနွန် (syntocinon) ထည့်ပြီး သားအိမ်ညှစ်အားကောင်းဖို့ လုပ်ကြပါတယ်။
မွေးဖွားသန့်စင်ခြင်း
ဒီအချိန်မှာ ကလေးမွေးဖွားသန့်စင်မယ့် နေရာကိုပြင်ဆင်ထားရပါတော့မယ်။ ရေမွှာ မပေါက်သေးဘူးဆိုရင် ရေမွှာအိတ်ကိုဖောက်တာ ဆီးချူတာတွေ လုပ်ရပါမယ်။ ကလေးခေါင်းကမွေးလမ်းကြောင်းဝမှာ ပြူတစ်ထိုးထွက်လာပြီဆို လိုအပ်သလို မွေးလမ်းကြောင်း ချဲ့ပေးတာ လုပ်ရပါမယ်။
ဦးခေါင်း၊ လည်ပင်း၊ ပခုံးနဲ့လက်တစ်ဖက် အရင်ထွက်ပြီးမှ နောက်ထပ်ကျန်တဲ့ လက်တစ်ဖက် လိုက်ထွက်လာပါမယ်။ ကျန်ခန္ဓာကိုယ် တစ်ခုလုံးထွက်အောင် မွေးပြီးတဲ့အခါ ချက်ကြိုးတန်းလန်းနဲ့ ကလေးငယ်ကို ချက်ကြိုး ဖြတ်ရပါမယ်။ ကလေးကောက်မယ့် သူဆီ ကလေးကိုပေးပြီး တစ်ပြိုင်နက် ကျန်းမာရေး စောင့်ရှောက်မှုပေးရပါမယ်။
မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေး အော်ငိုပါလိမ့်မယ်။ဒါဆိုရင် ကလေးငယ် အသက်ရှင် အောင်မြင်စွာမွေးနိုင်ပြီလို့ သတ်မှတ်နိုင်ပါပြီ။
နာရီဝက် တစ်နာရီအတွင်း အချင်းလက်ကျန်ချက်ကြိုးနဲ့ ရေမွှာအိတ်တွေကို မွေးဖွားပြီးတဲ့အခါ သားအိမ်က ပြန်ကျုံ့ဝင် သေးသွားရပါမယ်။ သားအိမ်ကိုယ်ထည်ကို ချက်နေရာမှာ ပွတ်သပ်နှိပ်နှယ်ပေးခြင်းဖြင့် ကျုံ့ဝင်ခြင်းကို အားကောင်းစေနိုင်ပါတယ်။
သားအိမ်ကျုံ့ဝင်မှုမကောင်းလို့ အချင်းကျန်ခဲ့မယ်ဆိုရင် မီးတွင်းထဲသွေးသွန်ခြင်း လို့ခေါ်တဲ့ သွေးအများကြီးထွက် သွေးထွက်လွန်ခြင်းကိုခံစားရပြီး အသက်အန္တရာယ် ကြုံတွေ့ ရတတ်ပါတယ်။ သေသေချာချာကုယူရပါမယ်။
မွေးကင်းစကလေးငယ် အသက်ကယ်ခြင်းပြုစုခြင်း
မွေးချိန်ကြာမြင့်ခြင်း၊ ရေမွှာမွန်းခြင်းလို ပြဿနာတွေကြောင့် မွေးမွေးပြီးချင်း ကလေးမငိုနိုင်တာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ကလေးငယ် ပါးစပ်ထဲမှ အရည်တွေကို အရင်ဆုံး စုပ်ယူရှင်းလင်းရပါမယ်။ ကလေးခြေဖဝါးကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်ပေးတာ ကလေးကျောပြင်လေးကိုပွတ်ပေးတာ တွေလုပ်ပြီး အသက်ရှူလာအောင် ငိုလာအောင် လုပ်ပေးရမှာပါ။
အရင်ခေတ်ကလို ကလေးကို ခြေထောက်နှစ်ဖက်ကနေကိုင် ဇောက်ထိုးဆွဲ ကျောကို ရိုက်တာမျိုး လုံးဝမလုပ်ရပါ။ တစ်ကိုယ်လုံးခြောက်သွေ့အောင် သုတ်ပေးပါ။ ရရှိနိုင်မယ် ဆိုရင်တော့ ကလေးငယ်ကို ဗိုက်တာမင်ကေ နဲ့ အသည်းရောင်အသားဝါဘီပိုး ကာကွယ် ဆေး ထိုးနှံရပါမယ်။ ကလေးကို နွေးထွေးသွားဖို့ အနှီးနဲ့ထုတ်ပိုးပြီး (warmer အောက်မှာ) နွေးထွေးအောင်ထားပေးရပါမယ်။ အောက်ဆီဂျင်ရှိပါက ယာယီ ခဏပေးထားရပါမယ်။ ပြာနေ၊ ဖြူနေ၊ ဝါနေပါက ပန်းရောင်သန်းလာတဲ့အထိ ဂရုစိုက်ပြီး အသက်ကယ် ပြုစုရပါမယ်။
ကလေးတို့အတွက် မေမေ့နို့ဦးရည်
ကလေးငယ်ကို မေမေ့ထံပို့ပေးပြီး နို့ဦးရည်ကို စောနိုင်သမျှ အစောဆုံး တိုက်ကျွေးရပါမယ်။ နို့ဦးရည်ဆိုတာက ကလေးမွေးပြီးတဲ့ တစ်ရက် နှစ်ရက်အတွင်းမှာပဲ မိခင်ရင်သားကထွက်တဲ့အကြည်ရောင် နို့ရည်တွေဖြစ်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်စုံရုံမျှမက ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကိုယ်အင်္ဂါ ဖွံ့ဖြိုးစေပါတယ်။ မွေးကင်းစအချိန်ကတည်းက ဉာဏ်ရည်ဖွံ့ဖြိုးခြင်း စတင်နေပြီ ဖြစ်တာကြောင့် နို့ချိုတိုက်ကျွေး ချော့မြူခြင်းဖြင့် ဂရုစိုက်မေတ္တာတွေပေးဖို့ လိုအပ်ပါတယ်။
မေမေ အစုံစားပါ
ကလေးငယ်အာဟာရပြည့်ဖို့ မေမေကိုယ်တိုင်ကလည်း အာဟာရပြည့်ပြည့်ဝဝ စားပေးရပါမယ်။ ငါးကြော်၊ ကြက်ကြော်၊ ငါးခြောက်၊ ဟင်းချိုစတာတွေကိုပဲ စားမယ်ဆို အာဟာရမပြည့်ဘဲ အသားဟင်းအစုံ၊ အသီးအနှံ အစာအုပ်စု အစုံအလင်စားပေးပါမှ မေမေလည်းအားရှိပြီး မေမေရဲ့ နို့ချိုမှာလည်း ကလေးအတွက်လိုတဲ့ အာဟာရ အစုံအလင်ပါဝင်သွားမှာ ဖြစ်ပါတယ်။ ကလေးငယ် ၆လ အထိ အမေနို့တစ်မျိုးတည်း ကိုပဲ တိုက်ပေးရမှာပါ။ ပျားရည်၊ ရေ၊ သနပ်ခါးရည်၊ နို့ဆီ၊ နွားနို့ ဘာဆိုဘာကိုမှ မကျွေးပါနဲ့။
ကလေးငယ် ၆လ ကျော်ပါမှ ပြင်ပဖြည့်စွက်စာတွေ ကျွေးရမှာဖြစ်ပါတယ်။
မွေးကင်းစကလေး အသားဝါခြင်း
မွေးကင်းစ ကလေးငယ်ဟာ မိခင်ဝမ်းဗိုက်ပြင်ပကိုရောက်လာတဲ့အခါ သန္ဓေသားဘဝက သွေးနီဥတွေကို မလိုအပ်တော့ဘဲ သွေးနီဥ အသစ်တွေနဲ့ တဖြည်းဖြည်း အစား ထိုးရပါတယ်။ သွေးသစ်လောင်း သွေးဟောင်းတွေပျက်တာ ကလေးတိုင်းကြုံရတဲ့ သဘာဝပါ။ သွေးနီဥအဟောင်းတွေ ပြိုကွဲပျက်စီးတဲ့အခါ ဘီလီယူဘင် (Bilirubin) လို့ခေါ်တဲ့ အဝါရောင်ဓါတ်တွေ ထွက်လာပါတယ်။
သွေးထဲက အဝါဓါတ်ကို အသည်းက ချေဖျက်ပြီး ဆီးနဲ့ဝမ်းမှာ စွန့်ပစ်ပါတယ်။ မွေးကင်းစကလေးငယ်ရဲ့ အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်ခင် သွေးထဲမှာ အဝါဓာတ်တွေ စုပုံလာပြီး အသားဝါ မျက်လုံးဝါ တစ်ကိုယ်လုံးဝါတယ်။ နည်းနည်း ဝါတာက ပြဿနာမရှိပေမယ့်လည်း များများဝါပြီး ဦးနှောက်အသားမှာစိမ့်ဝင် သွားရင်တော့ ဦးနှောက်ပျက်စီးတဲ့အထိ ဒုက္ခများပါလိမ့်မယ်။
အဝါလျော့သွားဖို့ဆိုရင်တော့ အရေပြားကို မီးအပြာရောင်ပြပေးပြီး အလင်းကုထုံးနဲ့ ကုသ ရပါတယ်။ များနေတဲ့အဝါဓါတ်တွေကို ဆီးနဲ့ဝမ်းက စွန့်ထုတ်ပေးပါတယ်။ မိခင်နို့တိုက် ပေးခြင်းကလည်း ကလေးအသားဝါတာကို သက်သာစေပါတယ်။
ကလေးအသားဝါတာကို ကုသပေးဖို့ကျန်းမာရေး စောင့်ရှောက်သူ အကူအညီလို တာကြောင့် အချိန်မဆွဲဘဲ မြန်မြန်ပြသဖို့ လိုအပ်ပါတယ်။
ကလေးပြုစုတဲ့အခါမှာလည်း ကလေးကို နွေးနွေးထွေးထွေးထားပါ။ မွေးကင်းစ ကလေးတွေဟာ တစ်နေ့ အိပ်ချိန် ၁၈ နာရီအထိ အိပ်တတ်ကြပါတယ်။ ငိုနေတာက နို့ဆာလို့ပါ။ နို့ချိုများများတိုက်ပေးပါ။
ကလေးချက်ကြိုး
ကလေးငယ်ရဲ့ ချက်ကြိုးလေးက တဖြည်းဖြည်းခြောက်သွေ့ကြွေကျသွားမှာမို့ ချက်ကြိုးနဲ့ ချက်ထဲကို ဆေးမြီးတိုထည့်တာတွေမလုပ်ပါနဲ့။ ရောဂါပိုးမွှားတွေနဲ့ ထိတွေ့ပြီး ပိုးဆိပ်တက်တာ ချက်မှာ အနာဖြစ်တာတွေနဲ့ ကြုံတွေ့ရင် ကယ်ရ ခက်ခဲပါတယ်။ ဆံပင်ရိတ် ကတုံးတုံးပေးတာတွေ မလုပ်ပါနဲ့။ ဓားရှဒဏ်ရာရပါက ပိုးဝင်ဖျားနာပြီး ကလေးအသက်အန္တရာယ်ရှိပါတယ်။
မီးဖွားစဉ် ကြုံတွေ့ရမယ့် အခြေအနေတွေအပါအဝင် မွေးကင်းစကလေး ပြုစုခြင်း မိခင်နို့ချိုတိုက်ကျွေးခြင်းအကြောင်းအရာတွေကိုပြောပြပြီးတဲ့အခါ နောက်တစ်ပါတ်မှာ တော့ စစ်ရှောင်နေရင်း ကံဆိုးစွာနဲ့သားပျက်သားလျှော ဖြစ်ခဲ့လျှင် ပြုစုကုသခြင်း အပါအဝင် အမျိုးသမီးကျန်းမာရေးအကြောင်းအရာတွေကို ဆက်လက် ဖော်ပြပေးမှာပါ။ မိခင်တွေ ရင်သွေးတွေ ကျန်းမာဘေးကင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း
#ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)