ဧရာဝတီတ်ိုင်းမ်
မတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ချင်းတွင်းမြစ်အတွင်းက ခရီးသည်တင် ရေယာဥ်တွေပေါ်မှာ တင်ဆောင်လာတဲ့ ဆိုင်ကယ်တွေ အဓမ္မလုယူတာတွေခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေယာဥ်တွေပေါ်မှာ တင်ဆောင်လာတဲ့ ဆိုင်ကယ်တွေကို ပျူစောထီး၊ ရှမ်းနီတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလအတွင်းက စတင်ကာ အဓမ္မလုယူတာတွေလုပ်ဆောင်နေတာဖြစ်ပြီး မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာလည်း ထပ်မံလုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“လာလေသမျှ ရှပ်ပြေးစက်လှေပေါ်မှာပါလာတဲ့ ခရီးသည်တွေရဲ့ ဆိုင်ကယ်တွေကို အဓမ္မဆွဲချယူနေကြတာ။ တစ်ချို့ခရီးသည်တွေကို ငွေတောင်းတယ်။ ကျွန်မကတော့ ငွေ ၁၀၀၀၀ ပေးခဲ့ရတယ်။ ဘာအကြောင်းပြချက်မှလဲ မရှိဘဲ ထင်ရာလုပ်နေကြတာ။ အရင်ရက်တွေကလည်း အမြဲလိုလိုလုပ်သလို အခု ပိုပိုပြီးဆိုးလာတယ်၊ ပိုက်ဆံတောင်စျေးဝယ်ဘို့ ထည့်မသွားရဲသလောက်ပါပဲ” လို့ မော်လိုက် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ပျူစောထီး၊ ရှမ်းနီတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တို့ဟာ မော်လိုက်မြို့ မြစ်ကမ်းဆိပ်အနီး ကင်းတပ်ရွာမှာအခြေချ တပ်ဆွဲထားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း တပ်ကုန်းရွာ၊ ယူးဝရွာ၊ မော်ကူးရွာ၊ ဝဲကသာရွာ၊ မကျည်းတန်ရွာနဲ့ တံငါရွာက ဒေသခံတွေရဲ့ နေအိမ်က အဖိုးတန်ပစ္စည်းတွေကိုလည်း ပျူစောထီးတွေရဲ့ မိန်းမဖြစ်သူတွေက အဓမ္မယူဆောင်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မော်လိုက်မြို့နယ်နဲ့ ထိစပ်နေတဲ့ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ယာဥ်တွေပေါ်ကပါလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဆယ်ကြောင်း ပျူစောထီးတွေ​ကအဓမ္မ သိမ်းယူခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မော်လိုက်မြို့ #ပျူစောထီးများနဲ့ရှမ်းနီတပ်များမှ
#ခရီးသည်တင်ယာဥ်လှိုင်းပေါ်က #ဆိုင်ကယ်တွေကိုလုယက်ယူဆောင် #Ayeyarwaddy_Times