နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /မက်လ ၁ရက်
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းတွင် အထိုင်ချ၍ ကျေးရွာများကို စီးနင်းမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသ ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေ၍ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအနှံ့အပြားသို့ အင်အားသုံး၍ ကျေးရွာများကို စီးနင်း၍မီးတင်ရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း နှင့် ဒေသခံများ မွေးမြူထားသည့် တိရစ္ဆာန်များအားသတ်ဖြတ်စားသောက်ခြင်းတို့ကို ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“၂၇ ရက်နေ့ ညကဖြစ်တာ။ အမြဲတမ်း အဲ့ဒီကုမ္မဏီ(ဝမ်ပေါင်)ဆိုက်ထဲက ထွက်လာပြီး ရွာတွေကိုပတ် မီးရှို့နေတာ။ သူတို့ထွက်တဲ့အချိန်မှာ ချောင်းပြီးပစ်ခတ် တိုက်ခိုက်ခဲ့တာ နှစ်ယောက် သေတယ်။ ငါး ယောက်ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ ဘေးလွတ်ရာကို ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ယင်းမာပင်မြို့နယ်အတွင်းရှိ တာ၀ ရွာကို မီးတင်ရှို့ခဲ့ပြီး ယနေ့ မတ်လ ၁ ရက်နေ့တွင် ကုန်းရွာကို ဝင်ရောက် စီးနင်း၍ မီးရှို့ခဲ့ခြင်းကြောင့် ရွာလုံးကျွတ်မီးလောင်ပြာကျခဲ့သည်။ လက်ရှိ အချိန်တွင် တာဝကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်စီးနင်း လျှက်ရှိကြောင်း နေကြောင်းဒေသခံများ ထံက သိရသည်။
#စစ်ကောင်စီတပ် #ဝမ်ပေါင်ကုမ္ပဏီ #အထိုင်ချ #ကျေးရွာများ #လိုက်လံမီးရှို့ #Ayeyarwaddy_Times