ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း AA ထံက သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်အခတ် အရပ်စဲခဲ့ပြီး မတရားဖမ်းဆီးထားသူများကိုလည်း ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်နှင့် ကတိကဝတ်များ ပြုခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာများကို ပြောကြားသည်။

“လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲကတည်းက ဖြတ်တောက်ပိတ်ဆို့ထား တာတွေ ပြန်ဖွင့်ပေးဖို့ကိုလည်းပြောခဲ့တာရှိပါတယ်။ ပြီးတော့ မတရားဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေရဲ့ စာရင်းအချက်အလက်တွေကိုလည်း ကျွန်တော်တို့ဖက်က မြန်မာစစ်တပ်(စစ်ကောင်စီတပ်) ကိုပို့ပေးထားပါပြီ။ အပစ်ခတ်ရပ်စဲကတည်းကနေ ဖမ်းဆီးခံထားရတဲ့ ပြည်သူ တွေကို သေချာစိစစ်ပြီးတော့ ၂လအတွင်းမှာ လွှတ်ပေးရမယ်ဆိုတဲ့ နှုတ်ကတိတွေ လည်းရှိပါတယ်။သို့သော် မြန်မာစစ်တပ်(စစ်ကောင်စီတပ်)ဖက်က အကောင်အထည် ဖော်မှုတွေ အားနည်းနေတာတွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရက္ခိုင့် တပ်တော်ဘက်ကနေ သူတို့တွေ လွတ်မြောက်လာရေးနှင့်ပတ်သက်လို့ ထပ်ပြီးကြိုးစားညှိ့နှိုင်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးခိုင်သုခကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား အပစ်အခတ်ရပ်စဲကာ စစ်ရေး တည်ငြိမ်နေသည့်အတွက် တိုက်ပွဲကာလအတွင်းက ဖမ်းဆီးခံခဲ့ရသည့် အရပ်သားများကို ပြန်လွှတ်ပေးရန် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက တောင်းဆိုလျှက်ရှိသည်။

စစ်ကောင်စီတပ်နှင့် AA တို့၏ တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရသူ ကိုဇော်မိုးထက်၏ ဖခင် ဦးစံလှကျော်က ငြိမ်းချမ်းရေးကို အလေးထားသည်ဆိုပါက ဖမ်းဆီးထားသူများကို ကတိအတိုင်း ပြန်လွှတ်ပေးသင့်သည်ဟု ဆိုသည်။

“လွတ်လပ်ရေးနေ့တို့၊ အမျိုးသားနေ့တို့ကလည်း လွတ်လာမလားဆိုပြီး မျှော်ခဲ့ပေမယ့် ပါမလာဘူး။ ကျွန်တော့်သားရဲ့အမှုမှာ လိုအပ်တဲ့သက်သေတွေ အကုန်စစ်ဆေးပြီးပြီ။ အခုထိ ရုံးချိန်းတွေထပ်ခေါ်ပြီး အချိန်ဆွဲနေတယ်။ ရုံးချိန်းမှာလည်း ဘာမှ မစစ်ဆေးဘဲ နောက်ထပ်ရုံးချိန်းတဲ့ရက်ကိုပြောပြီး ပြန်လွှတ်နဲ့ အချိန်ဆွဲထားတယ်။ အမိန့်ချလိုက်လို့ ထောင်ထဲရောက်သွားရင်တောင် လျှော့ရက်နဲ့ဘာနဲ့ဆို အချိန်မြန်အုံးမယ် ။အခုဟာက အမိန့်လည်းမချဘူး။ လွှတ်လည်းမပေးဘူးဆိုတော့ မကျေနပ်တာတော့ဖြစ်မိတယ်။ တကယ်လို့ AA ဘက်ကပြောခဲ့တဲ့အတိုင်း စစ်ကောင်စီနဲ့သူတို့ကြားမှာ သဘောတူညီချက် ယူထားတယ်ဆိုရင် သူတို့ကတိအတိုင်း ပြန်လွှတ်ပေးသင့်တယ်” ဟု ဦးစံလှကျော်က ပြောသည်။

စစ်ကောင်စီအနေဖြင့် AA နှင့်ဆက်စပ်၍ ဖမ်းဆီးထားသူများအနက် NCA (၆)နှစ်ပြည့်နေ့တွင် ၆၁ ဦး၊ ပြည်ထောင်စုနေ့တွင် ၄၆ ဦးနှင့် အမျိုးသားနေ့တွင် ၁၈ ဦးကို စာရင်းအထောက်အထားနှင့်တကွ လွှတ်ပေးထားပြီဖြစ်သည်။ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးခြင်းမရှိဟုပြောဆိုခြင်းမှာ AA၏ စွပ်စွဲ ပြောဆိုချက်သာဖြစ်သည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းဌာနကို ပြောကြားထားသည်။

” ULA/AAနဲ့ဆက်စပ်လို့ဖမ်းထားတဲ့သူတွေထဲကမှ ကျနော်တို့ဖက်က ၁၂၅ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့တာရှိပါတယ်။ အဲဒီအချက်အလက် အထောက်အထား တွေကို မျက်ကွယ်ပြုပြီးတော့ AAဘက်ကနေ တစ်ဖက်သတ် စွပ်စွဲပြောဆိုနေတာကတော့ ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော် (AA) တို့၏တိုက်ပွဲကာလအတွင်းနှင့် တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၅၉၄ ဦးကိုဖမ်းဆီးခဲ့ကာ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ဒေသခံ ၂၀၃ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု AA ၏ စာရင်းများအရ သိရသည်။

#စစ်ကောင်စီ #မတရားဖမ်းဆီး #ပြန်လည်လွတ်မြောက်ရေး #AA #Ayeyarwaddy_Times