ဧရာဝတီတိုင်းမ်
(မတူပီ)၊ မတ်လ ၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကုန်စည်စီးဆင်းမှု ၃ လနီးပါးရပ်တန့်မှုကြောင့် မြို့ပေါ်တွင် ဆန်အပါအဝင် ကုန်စည်းပြတ်မှုကြုံနေရပြီး ပြည်သူများစားသောက်ကုန်ဝယ်ယူရန် အခက်ကြုံနေကြောင်းဒေသခံများထံမှ သိရသည်။
မတူပီ-မင်းတပ်လမ်းတွင် စခန်းချထားသော စစ်ကောင်စီတပ်များက ပြည်မဘက်မှ တင်သွင်းလာသော ဆန်အပါအဝင် စားသောက်ကုန်များကို ပိုက်ဆံမပေးဘဲ အတင်းအဓ္ဓမသိမ်းယူခြင်းကြောင့် ကုန်သည်တစ်ချို့ ဆုံးရှုံးနစ်နာမှုများကြုံတွေ့နေရပြီး စစ်ကောင်စီတပ်က တာဝန်ယူမဖြေရှင်းပေးမှုကြောင့်ဖြစ်ကြောင်းဒေသခံများမှ ပြောဆိုသည်။
“ပြည်မဘက်ကနေ မတူပီမြို့ကို ဆန်အိတ်တွေ မရောက်တာ လချီနေပြီဖြစ်တဲ့အတွက် မြို့ပေါ်မှာ ဆန်တွေပျက်လပ်နေပြီ။ ပိုက်ဆံရှိရင်တောင် ဆန်ဝယ်ယူလို့ မရတော့ဘူး။ ဒေသထွက်ဆန်တွေလည်း ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ မြို့အနီးအနားမှာရှိတဲ့ ကျေးရွာတွေကနေ တစ်ခါတရံမှ ဒေသဆန်တွေကို မြို့ထဲ လာရောင်းကြတာ။ ပြည်မဘက်ကနေ ယခင်က တင်သွင်းလာတဲ့ ဆန်အိတ်နဲ့ အခြားစားသောက်ကုန်တွေကိုလည်း မတူပီမြို့အစွန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဓားမြဆန်ဆန်သိမ်းယူနေတာတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်သူကမှ မဖြေရှင်းပေးဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့မှ ပြည်မဘက်သို့ ကုန်တင်ယာဉ်များထွက်ခွာမည်ဆိုပါက စစ်ကောင်စီလက်အောက်ခံထွေအုပ်ရုံး၏ ထောက်ခံစာဖြင့်သာ ခွင့်ပြုခဲ့ပြီး ကုန်တင်ယာဉ်ဖြင့် သယ်ဆောင်မည့် ကုန်ပစ္စည်းအမျိုးအစားများကိုလည်း တင်ပြရကြောင်းကုန်သည်များ၏ ပြောဆိုချက်အရသိရသည်။
စစ်ကောင်စီထိန်းချုပ်ထားသော မတူပီမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဖုန်းလိုင်းများလည်း ၂ လကျော်ပိတ်ထားပြီး လက်ရှိတွင် ကြိုးဖုန်းများအား ပြည်သူများက အခကြေးပေးဆောင်ကာ အသုံးပြုနေရကြောင်းဒေသခံများထံမှ သိရသည်။