ဧရာ၀တီတိုင်းမ်
မတ်လ ၁ ရက်

နေပြည်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) မှ ပါတီ ၀င်များအားလက်နက်ပေးအပ်ပွဲဟုဆိုကာ ဝါးချွန်များ ပေးအပ်ပြီးနောက် USDP ပါတီဗဟိုကော်မတီ၀င်ဟောင်း ဦးမြငြိမ်း (အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း)၏ နေအိမ်ဗုံးပစ် တိုက်ခိုက်ခံရကြောင်း ပါတီနှင့်နီးစပ်သူများထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းဆုံရှိ အိမ်အမှတ် ဇ-၁၁၁၇ ဦးမြငြိမ်း၏ နေအိမ်အပေါ်ထပ်သို့ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခံရတဲ့ အချိန် အဲ့ဒီအိမ်မှာက ခြံစောင့်တွေပဲရှိနေတဲ့အချိန်ပါ။ သူတို့ အိမ်အတွင်းမှာ ရှိနေတုန်းမှာ အိမ်ရှေ့အပေါ်ထပ်က ပေါက်ကွဲသံကြားလို့ ထွက်ကြည့်တဲ့ အချိန်မှာ မီးခိုးတွေထွက်နေတာကိုတွေ့ရတယ်ပြောတယ်။ ဦးမြငြိမ်းက ခရီးသွားနေတယ်လို့ သိရတယ်။ ပေါက်ကွဲခဲ့တာက လက်လုပ်မိုင်းလို့လည်း သိရတယ်” ဟု ပါတီနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြော သည်။

ပေါက်ကွဲမှုကြောင့် နေအိမ်အရှေ့ရှိ လသာဆောင်နေရာအချို့သာ ထိခိုက်ပျက်စီးခဲ့ပြီး သံစများ၊ ခဲများကိုတွေ့ရှိရကြောင်း တပ်ဖွဲ့၀င်နှင့်နီးစပ်သူများထံမှ သိရှိရသည်။ အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ ပြုလုပ်သည်ကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

နေအိမ်ဗုံးပစ်တိုက်ခိုက်ခံရသည့် ဦးမြငြိမ်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်ဖြစ်ပြီး ပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၇) ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌတာ၀န်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ ၂၀၁၆ ဇန်နဝါရီအထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က မြို့နယ်လုံးကျွတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၀င် အင်အား ၃၀၀ ကို လက်နက် တပ်ဆင်ပေးအပ်ပွဲဟုဆိုကာ ကြံ့ခိုင်ရေးပါတီမှ တစ်ဦးလျှင် ဝါးချွန် ၃ ချောင်းစီ ပေးအပ်ခဲ့သည်။

#နေပြည်တော် #ကြံ့ခိုင်ရေးပါတီ #လက်နက်ပေးအပ်ပွဲ #ဝါးချွန် #ဗဟိုကော်မတီဝင်ဟောင်း #နေအိမ် #ဗုံးပစ်ခံရ #Ayeyarwaddy_Times