ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မတ်လ ၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အခြေစိုက် ခလရ(၃၅) တပ်ရင်း မှ သေနတ်ဝယ်ယူသူများအား သေနတ်တစ်လက်လျှင် သိန်း ၄၀ ဝန်းကျင်မှ သိန်း ၁၂၀ အထိပေါက်ဈေးဖြင့် ရောင်းချနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ကပစထုတ် သေနတ်အတိုတစ်လက်ကို ဝယ်ယူသူများထံ ရောင်းချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာနက လူတစ်ဦးလျှင် သေနတ် သုံး လက်အထိ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို အတည်ပြုထုတ်ပြန်ပြီးနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးအောင်လင်းဒွေး လက်မှတ်ပါပါက အလွယ်တကူဝယ်ယူရရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ထိုသို့ လက်နက်ကိုင်ဆောင်ခွင့်မပြုခင်ကတည်းက ခလရ (၃၅)တပ်ရင်းအတွင်း လက်နက် ပျောက်ဆုံးစာရင်းများတင်၍ လက်နက်ရောင်းချခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်းလည်း သိရသည်။
“အရင်လက်နက်တွေ တရားဝင်ကိုင်ဆောင်ခွင့်မပြုခင်တည်းက အုပ်ချုပ်ရေးမှူး အသိုင်း ဝိုင်းတွေ၊ ပျူအသိုင်းဝိုင်းတွေနဲ့ သူတို့ဘက်ကပိုက်ဆံရှိအသိုင်းဝိုင်းတွေက လက်နက်ကို ကျိတ်ပြီး ဝယ်ထားပြီးသား။ သုံးဆယ်မြို့က အရှေ့သပြေကုန်းရပ်ကွက် အုပ်ကြီးဆို အရှည်တစ်လက်ကိုင်ထားတာကြာပြီ။ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး အငယ်လေးဆီမှာလည်း လက်နက်တွေရှိတယ်။ သူတို့ကိုထုတ်ပေးထားတာမဟုတ်ဘူး။ ဒါတွေက သူတို့နည်း နဲ့သူတို့ဝယ်ထားကြတာမျိုးတွေ” ဟု အသက် ၄၀ ဝန်းကျင် သာယာဝတီ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါခလရ(၃၅) တပ်ရင်းသည် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေ မထုတ်ခင်ကာလကတည်းက ရှေ့တန်းအထွက်ပြ၍ တရားမဝင်လက်နက်ရောင်းခြင်းများပြုလုပ်နေပြီး လက်နက်ပျောက်ဆုံးစာရင်းများကြောင့် ခလရ(၃၅) တပ်ရင်းမှူးဟောင်းဖြစ်သူ အောင်စည်သူအား စုံခုံဖွဲ့၍စစ်ဆေးနေသည်ဟုသိရှိရသည်။ နောက်ဆက်တွဲ အကြောင်းအရာများကို သိရှိနိုင်ရန် ဧရာဝတီတိုင်းဌာန အနေဖြင့် ဆက်လက်စုံစမ်း နေဆဲဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“လက်နက် အလက် ၅၀ ပျောက်တဲ့သတင်းက အခုမှ ထွက်လာတာ။ အမှန်က လက်နက်တွေကို ခလရ(၃၅)က G-1တွေ အဆင့်ဆင့်ရောင်းစားနေကြတာ။ ရှေ့တန်းထွက်တာဆိုလည်း အယောက် ၅၀ စာရင်းပြပြီး အမှန်က ၃၀ လောက်ပဲသွားတာ။ ပြီးရင်တပ်သားသေဆုံးတာ အကြောင်းပြ၊ လက်နက်ပြန်မရတာ အကြောင်းပြပြီး ရောင်းစားနေတာ။ ဒီဘက်ကအုပ်ချုပ်ရေးမှူး ဝောာ်တော်များများမှာ လက်နက်ရှိကြတယ်။ ရှေ့တန်းမှာသေတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးရဲ့ လက်နက်ကို ပြန်မကောက်နိူင်လို့ ခလရ (၃၅)တပ်ရင်းမှူး စုံခုံဖွဲ့ စစ်ဆေးခံ နေရတယ်လို့လဲ သတင်းရတယ်” ဟု တပ်အသိုင်း ဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုအခါတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီ ထုတ်ပြန်ခဲ့ အမိန်အမှတ် (၅၄/၂၀၂၃)၏ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ သာယာဝတီအခြေစိုက် ခလရ(၃၅) တပ်ရင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အဖွဲ့ဝင် အများအပြားရှိနေကြောင်း ဒေသခံများထံက သိရသည်။
#ပဲခူးတိုင်း #သာယာ၀တီမြို့နယ် #ခလရ၃၅တပ်ရင်း #လက်နက် #ထုတ်ရောင်း #သေနတ်အလက်၅၀ #ပျောက်ဆုံး #Ayeyarwaddy_Times