ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးထိခိုက် ရဲဘော်နှင့်ပြည်သူ ၁၂၈ ဦးကို NUG ၀န်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ယမန့်နေ့က ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများ၊ စစ်ဘေးရှောင်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသူများနှင့် ကျဆုံး ရဲဘော်တစ်ဦးချင်းစီကို ၁ သိန်းကျပ်စီဖြင့် စုစုပေါင်း ၁၂၈ သိန်းကျပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ သားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

“ထောက်ပံ့ငွေတွေကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ ဒုတိယခေါင်းဆောင်နဲ့ အဖွဲ့၀င်တွေက ကွင်းဆင်းပြီး ပေးအပ်ခဲ့ပါတယ်။ စစ်ဘေးရှောင်တွေကိုလည်း စားနပ်ရိက္ခာတွေ အသုံး အဆောင်တွေကိုလည်း ကူညီထောက်ပံ့လျက်ရှိပါတယ်။ ဝိုင်း၀န်းပြီးလည်း လှူဒါန်းပေးကြပါ”ဟု ဂန့်ဂေါ(ပအဖ)အဖွဲ့တာ၀န်ရှိသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

NUG ၀န်ကြီးဌာနမှ အဆိုပါရဲဘော်နှင့် ပြည်သူများ တစ်ဦးချင်းစီကို ငွေကျပ် ၁ သိန်းစီ စုစုပေါင်း ငွေကျပ် ၁၂၈ သိန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆက်လက် ထောက်ပံ့ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုး၀င်ရောက်၍ ရွာလုံး ကျွတ်မီးရှို့ခြင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့၀င်များ နှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ကျုးလွန်ခဲ့ကြ သည်။

အလားတူ ဂန့်ဂေါမြို့နယ် (ပအဖ)မှ စစ်ကောင်စီနှင့် ပျူအဖွဲ့များရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ကုက္ကားကျေးရွာမှ အိမ်ထောင်စု ၃၂ စုကို တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြို့နယ်အတွင်းရှိ ရဲလှကျေးရွာမှ အိမ်ထောင် စု ၃ စုကိုလည်း တစ်အိမ်လျှင် ၅ သောင်းကျပ်စီ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
#Ayeyarwaddy_Times