ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ကျင့်ဝတ်ကို နားလည်ပြီး နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်းမရှိသည့် ပြည်သူ့ သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များကို နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေ (International Humanitarian Law-IHL)သင်တန်းများ ပို့ချပေးနေကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ထံက သိရသည်။
အမျိုသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) သည် Principles of Humanity အဖွဲ့၏ ပူးပေါင်းပံ့ပိုးကူညီမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိသည်ဟု MOD က ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။
“အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မယ့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရယ်၊ နောက်ပြီးတော့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရယ်ပေါ့နော်။ ဒီလူတွေအားလုံးက ကျင့်ဝတ်ကို နားလည်တယ်။ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ခြင်းမရှိတဲ့ တကယ့်ကို ပြည်သူ့သားကောင်းတွေအဖြစ်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မယ့်သူတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီးတော့ ဒီလိုသင်တန်းတွေ ပို့ချခြင်း ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းကို ပြောသည်။
အဆိုပါ သင်တန်းများအား စစ်ကိုင်းတိုင်းနှင့် စစ်ဒေသအသီးသီးတွင် တိုက်ပွဲ ဝင်နေကြသည့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ် ရေးတပ်မတော် (People’s Defence Force-PDF) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) (People’s Defence Organization) အဖွဲ့ဝင်များအတွက် ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
“သင်တန်းပေးနေတာကတော့ ၁၅ ကြိမ်မြောက် ရှိပါပြီ။ အဲဒီ ၁၅ ကြိမ်မှာ သင်တန်းသားအရည်အတွက်နဲ့ ပြောမယ်ဆိုရင် ၁၀၀၀ နီးပါး ရှိပါပြီဗျ။ အဲ့ဒီထဲမှာမှ ဘာသာရပ်တွေ အနေနဲ့ဆိုရင် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေသ၊ ပြီးတော့ Code of Conduct ပေါ့။ စစ်သည်တော် ကျင့်ဝတ်တွေ၊ ပြီးတော့ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေနဲ့ အရပ်သားများအား ကာကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်တွေပေါ့” ဟု ဦးနေဘုန်းလတ်က ပြောသည်။
MOD အနေဖြင့် ထိုသို့ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေသင်တန်းများကို ကျင်းပပေးနေသည့်အပြင် အဆိုပါသင်တန်းမှ သင်ကြားပို့ချချက်များကိုလည်း လက်ကမ်း စာအုပ်အဖြစ် ထုတ်လုပ်ကာ စစ်ဒေသ တိုင်းကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်ထံက သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင် ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေများအနေဖြင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နိုင်ငံတကာ စည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန်စံညွှန်းများအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန် အလို့ငှာ IHL သင်တန်းများကို စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
MOD အနေဖြင့် နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေသင်တန်း များကို မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအတွက် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အလွန်တွင်သော်လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။