ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၇ ရက်

စစ်ကောင်စီအနေဖြင့် ရက္ခိုင့်တပ်တော် (ULA/AA) နှင့်ပတ်သက်၍ နိုင်ငံရေးအရ တွန်းတိုက်မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တိုက်ပွဲလမ်းကြောင်းပေါ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ က ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတ္တမအကြိမ်မြောက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ULA/AA နှင့် မပတ်သက်ရန်၊ ထောက်ပံ့မှုများ မပြုလုပ်ရန် တားမြစ်ပြောဆိုမှုများပြုလုပ်နေပြီး ရက္ခိုင့်တပ်တော် (AA) သည် တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ဒီကိစ္စတွေကို အထူးသတိထား စောင့်ကြည့်နေပါတယ်။ မြန်မာစစ်တပ်(စစ်ကောင်စီတပ်)အနေနဲ့ ဒီလိုလုပ်ရပ်၊ ဒီလိုအပြုအမူတွေကို ထပ်ပြီး ဆိုးဆိုးဝါးဝါး လုပ်လာမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို အချိန်မရွေး ပြန်ရောက်သွားနိုင်ပါတယ် ” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က ခရီးသွားလာမှုနှင့်ကုန်ပစ္စည်းသယ်ယူခွင့်တို့ကို ပိတ်ပင်ခဲ့သဖြင့် ဒေသခံပြည်သူတို့၏ အခက်အခဲများကိုဖြေလျှော့ပေးနိုင်ရန် ULA/AA နှင့် စစ်ကောင်စီတို့ကြားတွင် ကတိ၊ ကဝတ် ခံကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။

လက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည်မှာ ၃ လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ဒေသခံပြည်သူများ၏ လူမှုနေ့စဉ်ဘဝ ပုံမှန်သွားလာခွင့်ကို စစ်ကောင်စီက တားဆီးမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး ဆေးဝါးများ သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်ကို တွေ့ရှိရသည်ဟု ယနေ့သတင်းစာရှင်းပွဲတွင် ဦးခိုင်သုခက ပြောကြားခဲ့သည်။

“စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေအခက်အခဲ အကျပ်အတည်း ဖြစ်နေကြတဲ့အတွက် အဲ့တာတွေကို ဖြေရှင်းနိုင်ဖို့အတွက်လည်း လူသားချင်းစာနာမှု ထောက်ထားပြီး အပစ်အခတ်ရပ်စဲခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းလည်း ကုန်ပစ္စည်းသယ်ယူခွင့်တွေ၊ လမ်းပိတ်ဆို့မှုတွေ၊ ပွဲလမ်းသဘင်းကျင်းပနိုင်ရေးတွေကို ကျွန်တော်တို့လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးဝါးသယ်ယူခွင့်ကို ကျတော့ နယ်လုံရဲ့ ခွင့်ပြုချက်နဲ့မှသယ်ရမယ်ဆိုပြီး လုပ်ဆောင်နေသေးတယ်။ ပြီးတော့ ခွင့်ပြုချက်နဲ့သယ်တဲ့အခါမှာလည်း သူတို့ရဲ့စစ်ဆေးရေးဂိတ်တွေက ငွေကြေး အဆမတန် ကောက်ခံနေတာတွေကို တွေ့ရတယ်” ဟုဦးခိုင်သုခကပြောသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့် အပစ်အခတ်ရပ်စဲထားချိန်ကာလမျိုးတွင် စစ်ရေး လိုအပ်ချက်အရ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းမှုများကို အဆက်မပြတ် လုပ်ဆောင်လာနေသည်ကို တွေ့နေရသည်ဟု ရက္ခိုင့်တပ်တော် (AA) က ဆိုသည်။

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #ရက္ခိုင်တပ်တော် #နိုင်ငံရေး #တွန်းတိုက် #တိုက်ပွဲ #Ayeyarwaddy_Times