ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းကြရမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စာရွက်စာတမ်း လုံခြုံရေး၊ သတင်းလုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက် ကြရန်နှင့် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားရေးစနစ်ဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အာဏာသိမ်း စစ်ကောင်စီခန့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နေ ပြည်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရူးစကားပါ။ မတရား ဖမ်းဆီးခံနေရတဲ့သူတွေ တနေ့တခြား ပိုများလာပါတယ်။ စဖမ်း တဲ့အချိန်ကစပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။ စစ်ကြောရေးမှာလဲ ညှဉ်းပန်းနှိပ်စက်မှု ခံရသလို တရားရုံးမှာလည်း မတရားသဖြင့် ဥပဒေမဲ့အမှုတွေ ရင်ဆိုင်နေရပြီး ထောင်ထဲမှာလည်း ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်ခံနေရပါတယ်” ဟု AAPP ၏ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ၎င်းတို့ သတ်မှတ်ထားသော ရာဇဝတ်အမှုပေါင်း ၁၀၇၆ မှု လက်ခံရရှိပြီး ၉၃၆ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်းနှင့် တရားမအမှုပေါင်း ၁၈၄၄ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၃ မှု အပါအဝင်) ၁၉၉၇ မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးနှင့်ပြည်နယ် တရား လွှတ်တော်များတွင်လည်း ရာဇဝတ်အမှုပေါင်း ၄၅၀၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၅၇ မှု အပါအဝင်) ၄၆၆၂ မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်းနှင့် တရားမအမှုပေါင်း ၄၃၅၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၇၇ မှု အပါအဝင်) ၅၀၃၂ မှု စစ်ဆေးပြီးပြတ်ခဲ့သည်ဟု ဆိုထားသည်။

“တရားသူကြီးချုပ်တို့ တရားလွှတ်တော်ချုပ်တို့က သူတို့ကိုယ်တိုင်ရော လွတ်လွတ် လပ်လပ် ပြောပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ တကယ်ရှိလို့လား။ အောက်ခြေမှာ အခုပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွ ကျွန်တော်တို့နဲ့ တွေ့တယ်။ တရားရုံးတွေမှာ တရားသူကြီးတွေက မင်းတို့ ဘယ်လောက်လိုက်လိုက် ငါတို့က အပေါ်ကနေ ကျလာတဲ့အမိန့်အတိုင်းပဲ ချမှာလို့ဆိုတယ်။ အဲဒါ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြောလိုက်တာ။ ပြောတဲ့အတိုင်းပဲ ချခံရတယ်။ သက်သေအထောက်အထားတွေ အများကြီးရှိတယ်။ ပြောတာကတော့ မူအရ လျှောက်ပြောနေတာပဲရှိတယ်။ မြေပြင်မှာကတော့ စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သဘောထားကို ဘာမှမလွန်ဆန်နိုင်ဘူး” ဟု တောင်သူလယ် သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၂၈၂၇၂ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁၀၄၉ မှု အပါအဝင်) ၂၉၃၂၁ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်းနှင့် တရားမအမှုပေါင်း ၂၇၄၂၈ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၄၃၈ မှု အပါအဝင်) ၂၇၈၆၆ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်း စိန်ခေါ်မှု တွေဟာ တကယ့်တကယ်ကျတော့ သူတို့(စကစ) ဥပဒေစိုးမိုးမှု ပျက်သုန်းနေတာရယ်၊ ဥပဒေသက်ဝင်လှုပ်ရှားမှု မရှိတာရယ်၊ နောက်တစ်ခုက အကြမ်းဖက် အာဏာလုထားပြီး ပြည်သူလူထုအပေါ်မှာထားတဲ့ သဘောထားက ရာဇဝတ်ကောင်တွေ ရာဇဝတ်သား တွေလို သဘောထားတာလေ။ ပြည်သူကို ထိန်း သိမ်းကာကွယ် စောင့်ရှောက်ရမယ့်အစား ပြည်သူကို ဥပဒေအမျိုမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ မတရားဖမ်းဆီး ဖိနှိပ်ညှဉ်းပန်း နှိပ်စက်သတ်ဖြတ် အစဖျောက်နေတဲ့ အခြေ အနေ မျိုးပေါ့ဗျာ။ အဲဒီအတွက် ကြောင့်မို့လို့ သူတို့(စကစ) လက်အောက်မှာရှိနေတဲ့ တရားစီရင်ရေးက လုံးဝတရားမျှတမှု မရှိတော့ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၆၀၀၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၄၅၆၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူ စုစုပေါင်း ၁၀၃ ဦးရှိကာ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၄၁ ဦး အပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသည်။

#ပြည်သူအများ #ယုံကြည် #တရားရေးစနစ် #စစ်ကောင်စီခန့် #ပြည်ထောင်စုတရားသူကြီးချုပ် #Ayeyarwaddy_Times