ဧရာဝတီတိုင်းမ်
(ပင်လောင်း)၊ ဖေဖော်ဝါရီလ ၂၅ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ဆောင်ပြောင်းကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိ ဆောင်ပြောင်းရွာအနီး ကားလမ်းပေါ်ရှိ စစ်ကောင်စီနှင့် ပအို့ဝ်ပြည်သူ့စစ်တပ်ဖွဲ့(PNO) တို့၏စစ်ဆေးရေးဂိတ်နှင့် ပင်ပုံရွာရှိ PNO စစ်ဆေးရေးဂိတ်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာမှ စတင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

“စဖြစ်တာကတော့သေချာမသိဘူး။ ကားတွေနဲ့စစ်ကူလာမှသိရတယ်။ PNOဘက်က ကား ၃ စီး၊ စစ်ကောင်စီက ၁စီး၊ အဲ့ဒီဒေသက PNOတွေ အဓိကလှုပ်ရှားတယ်။ ထိခိုက်မှုတွေတော့သေချာမသိရပေမဲ့ ပင်လောင်းဘက်ကနေ လူနာတင်ကား ၃ စီးထွက်လာတယ်လို့ နယ်ခံတစ်ယောက်ဆီကသိရတယ်။ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတစ်ယောက် ဆုံးသွားသေးတယ်။ တိုက်ပွဲကတော့ စစ်ကောင်စီနဲ့ PNO တွေရယ် KNDF၊ PKPDFတွေရယ်လို့တော့သိရတယ်။” ဟု အသက် ၃၀ ဝန်းကျင် ဖယ်ခုံဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ စကခ(၇)တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာမှ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ပြီး တောင်မဲသင်းကျေးရွာမှ နေအိမ် ၄ လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းနှင့် ကင်းပုန်းစခန်းများ မကြာခနတိုက်ခိုက်ခံနေရမှုကြောင့် မြို့နယ် ၂ ခု၏နယ်စပ်တွင် PNO တပ်ဖွဲ့များနှင့်အတူ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်းလည်း KNDF မှ ထုတ်ပြန်ထားပါသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပင်လောင်း-ဖယ်ခုံ- မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းအသုံးပြုနေသူများ သတိထားသွားလာကြရန်လည်း ဒေသခံများက ပြောဆိုထားသည်။

#ပင်လောင်း #စစ်ကောင်စီတပ် #ဒေသခံ #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ပွဲ #စစ်တပ် #လက်နက်ကြီး #ဒေသခံ #သေဆုံး
#Ayeyarwaddy_Times