ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့အပိုင်အတွင်း၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် သေဆုံးနေသည့်တောဆင်ရိုင်း ၁ ကောင်ကို သစ်တောဌာနက တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

ချောင်းသာဒေသ၊ ကန်ကြီးကျေးရွာအုပ်စု၊ ငပိန်ဒလယ်ရွာ၏အရှေ့တောင်ဘက်တွင် အမြင့် ၈ ပေခွဲရှိ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်းတကောင် သေဆုံးနေသည်ကို သစ်တောဌာနတာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း သိရသည်။

“တောဆင်ရိုင်းက ဟိုင်းဆင်၊ အမြင့်က ၈ ပေခွဲလောက်ရှိတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက သေနေတာလို့ ယူဆရတယ်။ သေရတာက ဆင်သတ်မုဆိုးတွေလက်ချက်ကြောင့် သေတာပါ။ ဆင်ကို နှာမောင်းတွေ၊ အရေပြားတွေယူဖို့ သတ်တာပဲ။ ဒါပေမယ့် သေတဲ့နေရာက ရွာနဲ့နီးနေတော့ သူတို့ လှုပ်ရှားလို့ အဆင်မပြေလို့ ဒီတိုင်းပစ်ထားခဲ့တာ”လို့ ပုသိမ်ခရိုင် သစ်တောဌာနနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ တောဆင်ရိုင်း ၄ ကောင်မှာ ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဝမ်းဖောခြင်းနှင့် နှုံးကျွံခြင်းတို့ကြောင့် တောဆင်ရိုင်း ၂ ကောင် သေဆုံးခဲ့ကြောင်း ပုသိမ်ခရိုင်၊ သစ်တောဌာနနှင့်နီးစပ်သူက ပြောသည်။

“တောဆင်ရိုင်းက မနှစ်က ၆ ကောင်သေတယ်။ သာပေါင်းမြို့နယ်မှာ ၂ ကောင်၊ ပုသိမ်နယ်ထဲမှာ ၂ ကောင်၊ ငပုတောမှာ ၁ ကောင်၊ ချောင်းသာ ရွှေသောင်ယံဒေသမှာ ၁ ကောင်သေတယ်။ စုစုပေါင်း ၆ ကောင်ပေါ့။ ဒီနှစ်ဆန်းပိုင်းမှာ ၁ ကောင်ထပ်သေတာဆိုတော့ အချိန် ၁ နှစ်လောက်အတွင်းမှာ ဆင် ၅ ကောင်က အသတ်ခံရလို့သေတယ်။ ကျန် ၂ ကောင်ကတော့ ရောဂါနဲ့ သဘာ၀ဘေးကြောင့် သေဆုံးခဲ့တယ်”ဟု သူက ဆက်ပြောသည်။

ဧရာ၀တီတီုင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်းနှင့် ရေကြည်မြို့နယ်တို့ရှိ တောတောင်များအတွင်း၌ တောဆင်ရိုင်းများ ကျင်လည်ကျက်စားလေ့ရှိသည်။ အဆိုပါတောဆင်ရိုင်းများကို မကွေးတိုင်းမှ ဆင်သတ် မုဆိုးများက လာရောက်၍ သေနတ်များ၊ အဆိပ်လူးမြှားဖြင့် ပစ်ခတ်၍ အမဲလိုက်သတ်ဖြတ်ကာ ဆင်အရေပြား၊ နှာမောင်း၊ အစွယ်၊ အမြှီးစသည်တို့ကို လှီးဖြတ်ယူဆောင်လေ့ရှိသည်။

ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြသည်။ အဆိုပါ ကုန်ကူးသူများက မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကြပြီး ဆင်မှရရှိသည့်ပစ္စည်းများကို တရုတ်ပြည်၌ တရုတ်တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။