ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီလ ၁၇ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် တုံးဗျောရွာအနီးတွင် စခန်းချထားသည့် စစ်ကောင်စီကင်းစခန်းအား တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တုံးဗျောရွာလမ်းဆုံတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ရှိကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ကျော်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၁ ဦးသေဆုံးကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကင်းစခန်းရှေ့မှာက ရှေ့ကင်းရှိသေးတယ်၊ အဲ့ဒီမှာ ၃ယောက် ၄ ယောက်ရှိတယ်။ အဲ့ဒီနေရာကိုစတင်တိုက်ခိုက်ခဲ့ပြီး ကင်းစခန်းကို ရှေ့ဆက်တိုက်ဖို့က စစ်ကူတွေရောက်လာလို့ ဆုတ်ခဲ့ရတယ်။ ၁ ယောက်သေပြီး နောက်တစ်ယောက်ကတော့ သေစေလောက်တဲ့ဒဏ်ရာရသွားတယ်။ ခမရ (၁၀၁)တပ်ကသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်။ ဒီတိုက်ပွဲကြောင့် ဗောဓိကမ်းစခန်းဘက်ကို အင်အား ၅၀ လောက် စစ်ကောင်စီက ထပ်ဖြည့်ထားတယ်။” ဟု တနင်္သာရီမဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကူများရောက်လာကာ ပူးပေါင်းအဖွဲ့များဘက်မှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲအား ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း-၂၊ SWDF၊ မြိတ်(ပကဖ)၊ ကျွန်းစုမြို့နယ်(ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း စစ်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းအား ကျားကွန်မန်ဒိုတပ်ဖွဲ့(KTLA-TCJF)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
ဓာတ်ပုံ- သိမ်းဆည်းရမိသည့် MA1 သေနတ်