ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းပြီး ဈေးဆိုင်များနှင့် အိမ်အချို့ရှိ ပစ္စည်းများကို ခိုးယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၃ရက်နေ့မှ စတင်ကာ ပခုက္ကူ ဘက်မှနေ၍ ဆိပ်ဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“သူတို့(စစ်ကောင်စီတပ်သားများ)က‌ ၁၅ရက်နေ့ မနက်အစောပိုင်း ရွာထဲကို မဝင်ခင် လက်နက် ကြီးနဲ့ အရင်ပစ်တာ။ ရွာထဲက ပြည်သူ နှစ်ယောက်တော့ နည်းနည်းထိသွားတယ်။ တစ်ယောက်က အမျိုးသမီးထိတာ ရင်သားနဲ့ ခြေထောက်ထိလို့ ဆေးရုံတင်လိုက်ရတယ်။ နောက် ရွာထဲကိုဝင်ပြီး ဈေးဆိုင်နဲ့အိမ်အချို့က ပစ္စည်းတွေကိုယူပြီး အိမ်ကိုဖျက်ဆီးကြတယ်ဗျ။ သူတို့ရဲ့ လက်နက် ကြီးအသံကြောင့် အသက်ကြီးတဲ့အမျိုးသမီးတစ်ဦးလည်း သတိမေ့ပြီး လေဖြတ်သလိုဖြစ်နေလို့ ဆေးရုံ တင်ထားရသေးတယ်။ ရွာအဝင်မှာလည်း ၁၃နှစ်အရွယ်ကလေးကို မေးတာ မဖြေလို့ဆိုပြီး ပါးတွေ ရိုက်တာ ရောင်ရမ်း နေတာပဲ” ဟု ရွာမကျေးရွာရှိ အသက်၅၀ အရွယ်အမျိုးသား တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀နီးပါးမှ ပြည်သူသောင်းနှင့်ချီ၍ ထွက်ပြေးနေ ရကြောင်း ဒေသခံများထံက သိရသည်။

#မကွေးတိုင်း #ဆိပ်ဖြူမြို့နယ် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #ပစ္စည်း ခိုးယူ #Ayeyarwaddy_Times