ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ်တော်AA ၏ အောက်ခြေတပ်သားအချို့က ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်ကျူးလွန်ခဲ့သည့်ကိစ္စများကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)အနေဖြင့် ဖော်ထုတ်အရေးယူပေးရန် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)က ဖေဖော်ဝါရီလ ၉ ရက် နေ့က တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မြေပုံမြို့နယ်၊ တုတ်ချောင်း(ချင်း) ကျေးရွာမှ ဒေသခံနှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖုန်းဖြင့်ဆင့်ခေါ်ခဲ့ပြီး အကြောင်းပြချက် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ လက်ပြန်ကြိုးတုတ်ကာ အုပ်စုဖြင့်ရိုက်နှက်ခဲ့မှုကြောင့် တစ်ဦးမှာ သတိမေ့မျောသွားခဲ့ပြီး ယနေ့တိုင် ဆေးကုသမှုခံယူနေရကြောင်း ပါရှိသည်။

ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)မှ ထုတ်ပြန်သည့်ကိစ္စကို မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး စွပ်စွဲချက်မှန်ကန်ပါက ကျူးလွန်သူများအား စစ်ဖက်ဆိုင်ရာစည်းကမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီတိုင်းမ်သို့ပြောသည်။

” ချင်းနိုင်ငံရေးဦးဆောင်ကော်မတီဆိုတဲ့ အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဖက်က စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေဆဲမို့ သူတို့ဖက်ကစွပ်စွဲထားသလိုမျိုး မြေပြင်မှာတကယ် ကျူးလွန်ခဲ့ခြင်း ရှိ/မရှိဆိုတာကို ကျနော်တို့ဖက်ကပြောဖို့အတွက် လောလောဆယ်အချိန်စောပါသေးတယ်ဗျ။တကယ်လို့သူတို့စွပ်စွဲထားသလို ကျူးလွန်ကြောင်းထင်ရှားခဲ့ရင် ကျူးလွန်သူတွေကို ရက္ခိုင့်တပ်တော်AAရဲ့ စစ်ဖက်ဆိုင်ရာစည်းမျဉ်း၊စည်းကမ်းတွေအရ လိုအပ်သလ်ို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးခိုင်သုခ ကပြောသည်။

သ်ို့သော်လည်း ရက္ခိုင့်တပ်တော်AA ဖက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တစ်စုံတရာပြန်လည်ဖြေရှင်းပေးခြင်းမရှိသေးသည့်အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ဖက်မှလည်း နစ်နာသူများအတွက်ဘတရားမျှတမှုရရှိစေရန် စုံစမ်းစစ်ဆေးအရေးယူမှုများ မရှိသေးကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလ၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် ၊တောင်ရှည်ကျေးရွာ၌ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အုပ်ချုပ်းရေးမှူး ဦးဘခင်နှင့် ဗီတာ ၂ ဒု-စစ်ဒေသမှူး ဗိုလ်မှူးခိုင်ကျော်တို့အငြင်းပွားခဲ့ကြပြီး ဦးဘခင်အား ဗိုလ်မှူးခိုင်ကျော်မှ ရိုက်နှက်ခဲ့သည့်အပြင် ရွာသူ/ ရွာသားများက်ိုလည်း လက်နက်ထုတ်ပြကာ အိမ်များက်ိုဖြိုဖျက်ရန်ခြိမ်းခြောက်မှုများရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖက်သို့ ဦးတည်နေပြီး ULA ဖက်မှလည်း စုံစမ်းစစ်ဆေးအရေးယူမှုများ အားနည်းခြင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများ၏အနာဂတ်လူမှုဘဝ လုံခြုံရေးအတွက် များစွာစိုးရိမ်ဖွယ်ရာဖြစ်သဖြင့် ကျူးလွန်သူများအားအရေးယူပေးစေလိုကြောင်းလည်း CPSC မှတ်ိုက်တွန်းပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်းကလည်း ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့သည့် AA အောက်ခြေတပ်သားနှစ်ဦးကိုလည်း စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ အပြင် ကြိမ်ဒဏ်အချက် ၃၀ ကိုပါ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA မှထုတ်ပြန်ခဲ့သည်။
#Ayeyarwaddy_Times