ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်
ထိုင်းနိုင်ငံ နယ်စပ်တွင် လက်နက်ပစ္စည်းသယ်ယူရန်သွားသည့် ဒေါင်းမင်းစစ်ဆင်ရေး TYC-PDF မှ ရဲဘော်အယောက် ၃၀ သည် မိခင်အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြန်လည်ရရှိပြီဖြစ်ကြောင်း အဖွဲ့ တာ၀န်ခံထံက သိရှိရသည်။
TYC-PDF အဖွဲ့မှ ရဲဘော်များသည် လက်နက်ခဲယမ်းသယ်ယူရန်အတွက် KNU တပ်မဟာ (၄) နယ်မြေ တပ်ရင်းတပ်ဖွဲ့များ၏ ကူညီမှုနှင့် နယ်စပ်သို့ သွားရောက်စဉ် အဖွဲ့နှင့် လ၀က်နီးပါးကြာအဆက် အသွယ်ပြတ်တောက်ခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဆက်သွယ်၍ ရခဲ့ကြောင်း သိရှိရသည်။
“သွားနေတဲ့လမ်းကြောင်းက ဖုန်းလိုင်းမမိဘူးဖြစ်သွားတာ။ အဆက်အသွယ်ပြတ်သွား တော့ ဘာဖြစ်မှန်းလည်းမသိရဘူး။ ပြီးမှနယ်စပ်ရောက်တော့မှ ပြန်အဆက်အသွယ် ရတာ။ အကုန်လုံး အဆင်ပြေကြပါတယ်”ဟု ဒေါင်းမင်းစစ်ဆင်ရေး TYC-PDF ပြန်ကြား ရေးတာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့မှ စတင်၍ လက်နက်ပစ္စည်းသယ်ယူရန်သွားသည့် TYC-PDF မှ ရဲဘော်များကို KNU တပ်မဟာ (၄) နယ်မြေခံတပ်ရင်း တပ်ဖွဲ့များက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လိုက်ပြီဆိုသည့် ကောလာဟလများကို စစ်တပ် ထောက်ခံသူ ဝါဒဖြန့် မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။
ပျောက်ဆုံးရဲဘော်များနှင့်ပတ်သက်ပြီး ပြန်လည် အဆက်အသွယ်မရသေးခင်အချိန်တွင် တပ်ဖွဲ့၀င်တစ်ဦးမှ ၎င်းတို့မှာ လုံခြုံနေကြောင်းနှင့် စိတ်ပူစရာမရှိကြောင်း လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။
ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ TYC-PDF သည် တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်တွင် အခြေစိုက် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ ဖြစ်သည်။
#KNUတပ်မဟာ၄ #ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ #PDFရဲဘော်များ #ဖမ်းဆီးသတ်ဖြတ် #စစ်တပ်ဝါဒဖြန့်မီဒီယာ #Ayeyarwaddy_Times