ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဖေဖော်ဝါရီလ ၁၆ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ကြီးမြင့်အား ရွှေကြို့ပင်ရွာကွင်းပြင်အနီးတွင် ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ဒေါင်းလေးအဖွဲ့)နှင့် သာယာဝတီခရိုင်ဂဠုန်တပ်ဖွဲ့(အဖွဲ့-၄) တို့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယမန်နေ့ ဖေဖောယ်ဝါရီ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရွှေကြို့ပင်ရွာနေ ကိုကြီးမြင့်(ခ)ကတုံးသည် ပျူစောထီးအဖွဲ့ဝင် (၅၇) ဦး၏ ခေါင်းဆောင်ဖြစ်ပြီး အာဝါဒေး လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေစဉ် ပြီးခဲ့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်က သေနတ်ဖြင့် သုံးချက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဒဏ်ရာအပြင်းအထန်ရရှိပြီး သာယာဝတီခရိုင်ဆေးရုံကြီးမှ တစ်ဆင့် ရန်ကုန်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“ဒဏ်ရာပြင်းထန်လို့ သာယာဝတီဆေးရုံကနေ ရန်ကုန်ဆေးရုံကို ညတွင်းချင်း ပို့လိုက်ရတယ်။ သူ(ကြီးမြင့်)က ပျူ ၅၇ ယောက်အဖွဲ့ ဖွဲ့ထားပြီး အဲ့ဒီ အဖွဲ့အတွက် လက်နက်ကိုင်ဆောင်ခွင့်ပါ လျှောက်ထားတယ်လို့သိရတယ်။ စစ်ကောင်စီအတွက် ပျူအဖွဲ့ဖွဲ့နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေပါရထားပါတယ်” ဟု သာယာဝတီမြို့နယ် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျူစောထီးခေါင်းဆောင် ကိုကြီးမြင့်သည် ဒေသခံလူငယ်များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီထံသတင်းပို့ခြင်းများ ပြုလုပ်သည့်အပြင် လက်ပံတန်းမြို့နယ်အနှံ့တွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ အာဝါဒေးဝိုင်းများဖွင့်၍ စစ်ကောင်စီကို လောင်းကစားဝိုင်း တစ်ပွဲလျှင် ငွေကျပ် ၁၀ သိန်းခန့် ဆက်ကြေး ပေးကြောင်းသိရသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း သုံးဆယ် မြို့နယ်မှ လောင်ကစားဒိုင်ချုပ်(မူးယစ်ဆေးဝါးဖြန့်ဖြူးနေသူ) ဘိုကျောက်အား သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။