ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်ဖက်ကမ်းရှိ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါအပြင် ဝမ်း ရောဂါဖြစ်ပွားမှုများပါ ဖြစ်ပွားလာနေကြပြီး သက်ဆိုင်ရာအာဏာပိုင်များက ယခုအချိန်ထိ တစုံတရာလာရောက်ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

လူဦးရေ ၁၇၀၀ ကျော်ရှိသည့် အဆိုပါကျေးရွာတွင် ယင်းထဲမှ ဒေသခံတစ်ဝက်ခန့်မှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါဝေဒနာခံစားနေကြရပြီး ကလေးသူငယ်အများစုမှာလည်း ဝမ်းလျှောခြင်း၊အော့အန်ခြင်းများ ထပ်ဖြစ်လာနေကြောင်း သိရသည်။

” အစတုန်းကတော့ ရေမကောင်းလို့ အရေပြားယားယံတဲ့ရောဂါတစ်ခုတည်းပဲ ဖြစ်တာ။အခု ကလေးငယ်တွေကအစ ဝမ်းလျှောတယ်၊အန်လာကြတယ်။စစ်တွေဆေးရုံရောက်သူရောက် ရွာမှာရှိတဲ့ဆေးဝါးလေးနဲ့ကုသူကု။ သေသွားတဲ့ကလေးဆိုလည်း ဆေးရုံကိုမရောက်လိုက်ဘူး။မိဘတွေကလည်း ဆင်းရဲတော့ ဆေးမကုနိုင်ဘဲ ရွာမှာပဲသေသွားတာပါ။ ရွာရဲ့အခက်အခဲတွေကို မီဒီယာတွေမှာလည်း ဘယ်လောက်ပဲဖြေခဲ့ဖြေခဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ဘာမှလာမလုပ်ပေးသေးဘူး။ကျန်းမာရေးဌာနတွေကလည်း ဒီရောဂါတွေနဲ့ပတ်သက်ပြီး လာမကုပေးကြဘူး။ဘယ်သူ့ကို အားကိုးလို့အားကိုးရမှန်းလည်း မသိတော့ဘူး” ဟု သဲခုံကျေးရွာနေ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း သဲခုံရွာမှ ၃ လသားအရွယ်ကလေးငယ်တစ်ဦးမှာ အရေပြားရောဂါနှင့် ဝမ်းလျှော၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်းတို့ဖြစ်ပွားကာ သေဆုံးသွားခဲ့ရသည်ဟု ရွာသားများထံမှသိရသည်။

သဲခုံကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်အခြေချနေထိုင်နေသည့် ရွာတစ်ရွာဖြစ်သောကြောင့် လက်ရှိဒေသမှ တစ်ခြားနေရာတစ်ခုသို့ ရွာလုံးကျွတ်ပြောင်းရွေ့ရန်အဆင်မပြေသလို ကျေးရွာ၌ ဆက်လက်နေထိုင်ရန်လည်း အဆင်မပြေတော့ကြောင်း သဲခုံရွာသားများက ငြီးငြူပြောဆိုနေကြသည်။

” ဒီနေရာကနေ နောက်တစ်နေရာကိုပြောင်းနေဖို့ကလည်း အိမ်ခြေများတာတမျိုး၊ ဆင်းရဲကြတာတမျိုးနဲ့ ဆက်နေဖို့ကလည်း ရွာမှာရှိတဲ့ သောက်ရေသုံးရေတွေက ဘာမှလုပ်လို့မရဘူး။ ကျနော်တို့တွေအဓိကခက်ခဲနေတာနဲ့အဓိကလိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်မှုနဲ့သောက်သုံးရေပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျနော်တို့ရွာကို အဓိကဦးစားပေးပြီး တချက်လာကြည့်ပေးစေချင်တယ်။ ရွာဟာ ငါးလုပ်ငန်းအတွက် အဓိကအထောက်အကူပြုနေတဲ့ရွာတစ်ရွာပါ။ဒီရွာကြီး အခုလိုဖြစ်နေတာကို ဒီတိုင်းပစ်မထားဘဲ ကူညီပေးစေချင်ပါတယ် ” ဟုလည်း အသက် ၅၀ အရွယ် သဲခုံရွာသားတစ်ဦးက ပြောသည်။

သဲခုံဒေသခံများမှာ ယခင်နှစ်များက မိမိတို့ကျေးရွာရှိ အဝီစိရေတွင်းများမှ ရေများကို ပုံမှန်သောက်သုံးလာကြခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်၊မိုးရာသီအတွင်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆားငံ ရည်များ ဝင်သွားခဲ့သဖြင့် ရေများမှာ သောက်သုံး၍မရ ဖြစ်သွားခြင်းဟုလည်း ရွာသားများ၏ပြောဆိုချက်အရသိရသည်။

ယင်းကြောင့် ဆားငံရည်များရွာသို့ အလွယ်တကူမဝင်နိုင်ရန်အတွက် ကမ်းထိန်းနံရံတစ်ခုပြုလုပ်ပေးစေချင်ကြောင်းနှင့် သောက်သုံးရေသန့်ရှင်းမှုအတွက် နည်းတမျိုးမျိုးဖြင့် ကူညီဆောင်ရွက်ပေးရန် ရွာသားများကလိုလားနေကြသည်။

သဲခုံကျေးရွာမှဒေသခံများ၏တောင်းဆ်ိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်ကောင်စီဖက်မှ မည်သို့လုပ်ဆောင်ပေးသွားမည်ကို သိရှိရရန် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဥပဒေချုပ် ဦးလှသိန်းအား ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ယင်းအပြင် ပေါက်တောဆေးရုံမှ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဆေးရုံအုပ်ကြီးမှာ အစည်းအဝေးသွားတက်နေသောကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ ပြောပိုင်ခွင့်မရှိသေးဟုသာ ပြန်လည်ဖြေကြားခဲ့သည်။