ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ)၏ ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပုဒ်မ ၅၂(ခ) ဖြင့် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်တထောင်ခရိုင်တရားရုံးမှ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူထံက သိရသည်။

“သူဖမ်းဆီးခံရပြီးတော့ ထောင်ကိုပို့တဲ့အခါ ပုဒ်မနှစ်ခုနဲ့ တရားစွဲထားတယ်လို့ သိရတယ်။ ၅၀၅(က) ရယ်၊ ၅၀(ည) ရယ်ပေါ့။ ၅၀(ည)ကိုတော့ ဗိုလ်တထောင် ခရိုင်တရားရုံးမှာ စစ်နေရင်းနဲ့ပဲ စွဲချက်အမိန့်မှာ ၅၂(ခ) ပြောင်းလိုက်တယ်လို့ သိရတယ်။ အဲဒီ ၅၂(ခ) နဲ့ပဲ ၅ နှစ် ချမှတ်လိုက်တယ်လို့ အကြမ်းဖျင်းသိရတယ်” ဟု ကိုလင်းထက်နိုင်၏ မိသားစုနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်ကလည်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ပုဒ်မ ၅၀၅(က) ဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းကြောင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်ခံထားရကြောင်း သိရသည်။

“ ဒီမိုကရေစီရေး ကာကွယ်လှုပ်ရှားတဲ့သူ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေး ဖိနှိပ်တဲ့ပုဒ်မ ဟောင်းအပြင် အကြမ်းဖက်ပုဒ်မ အမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင်ထောင်ချခြင်း ဖြစ်ပါတယ်” ဟု ကိုလင်းထက်နိုင်၏ မိသားစုဝင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက အမှုဖွင့် ဝရမ်းထုတ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည်။

ကိုလင်းထက်နိုင်၏ မိခင်ဖြစ်သူ ဒေါ်မေမေကြည် (ခ) ဒေါ်ကြီးမြင့်သည် သားဖြစ်သူအား ထောင်ဝင်စာ လာရောက်ပို့ ဆောင်စဉ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်ဗူးဝ ပေါက်ကွဲမှု၊ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ သည်။

ထိုစဉ်က မိခင်ဖြစ်သူ၏ နာရေးအား သွားရောက်ခွင့်ပြုရန် ကိုလင်းထက်နိုင်မှ တင်ပြ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်။