ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီလ ၁၄ ရက်

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု CDF-Paletwa က ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ Navy တပ်မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားများသည် စစ်သင်္ဘော ၂ စီးဖြင့် အင်အား ဖြည့်တင်းလာခဲ့ပြီး ပလက်ဝမြို့ (၂၈၉) တပ်ရင်းမှ မော်တော်ယာဥ် ၂ စီးဖြင့် ဆမီးမြို့ရှိ ဗျူဟာတပ်ရင်းကို အင်အားဖြည့်တင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီးရှိ စိုးနီကနောင်ရွာ၊ ဝါဒိန်ရွာ နှင့် ဝါကြတ်ချောင်းတို့တွင် အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရသည်။

အလားတူ မတူပီ-ဆမီး-ပလက်ဝ လမ်းမကြီးအကြားရှိကျေးရွာများနှင့် ဆမီးချောင်း ၊ မီးချောင်းတလျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုတို့ကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အသွားအလာသတိရှိစေလို ကြောင်း CDF-Paletwa အသိပေးထားသည်။