ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအပါအဝင် ရုံးရှိဝန်ထမ်းအချို့က မီတာဆောင်ထားသည့် ကျပ်ငွေသိန်းပေါင် ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း လက်ပံတန်းမြို့ခံများထံက သိရသည်။

အဆိုပါ မီတာခများ ယူဆောင်ထွက်ပြေးသွားသည့်သူများမှာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝေဖြိုးအောင်ဆိုသူမှ သိန်း ၁၀၀၀ ကျော်၊ မီတာစာရေး ဖြိုးသက်နောင်ဆိုသူမှ ကျပ်ငွေ သိန်း ၄၀၀ ကျော်၊ မန်နေဂျာ ပေါဦးဆိုသူမှ ကျပ်ငွေသိန်း ၉၀၀၊ သာရဝေါခွဲမှူးဆိုသူမှ ကျပ်ငွေ သိန်း ၁၀၀၀ ကျော်ယူဆောင်ထွက်ပြေးသွားကြောင်း လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဒါ့ပြင် လျှပ်စစ်ရုံးမှ လျှပ်စစ်အခြားအဆင့်၀န်ထမ်းများကလည်း ကျန်ရှိနေသည့် မီတာခငွေကြေးများကို ယူ၍ ထပ်မံထွက်ပြေးသွားကြကြောင်း EPC ရုံးနှင့် နီးစပ်သူ တစ်ဦးထံကမှ သိရှိရသည်။

ဒါ့ပြင် လက်ပံတန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ရုံးရှိဝန်ထမ်းအချို့က မီတာခ ကျပ်ငွေ သိန်း ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးခဲ့သော်လည်း ရုံးတွင်း ကျန်ရှိနေသည့် ဝန်ထမ်းများက ဒေသခံပြည်သူများမှ မီတာခပေးဆောင်ခြင်းမရှိ သေးဟုဆိုကာ တရားရုံးမှ ဆင့်ခေါ်စာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့စွဲဖြင့် ဆင့်ခေါ်စာပေးပို့လာကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစပြီး မီတာမဆောင်ထားတာဆိုပြီး တရားရုံးကဆင့်ခေါ်စာထဲမှာရေးထားတယ်။ ကျွန်မတို့က လတိုင်းဆောင်တယ်။ ဆင့်ခေါ်ခံရတဲ့ ရွာတွေမနည်းဘူး။ လူအယောက် ၁၀၀ ကျော်တယ် ဆင့်ခေါ်ခံရတာ။ သမ္မစိတ္တ၊ တာဆိပ်ရယ်၊ အခြားရပ်ကွက်က လူတွေရယ် မနည်းဘူး။ ဆောင်ထားတာကို မဆောင်ထားပါဘူးဆို ပြီး အကွက်ဆင်တောင်းတာ။ သူတို့လူတွေ ပိုက်ဆံတွေယူပြီး လိမ်ပြေးတာကို အထက်ကိုပေးစရာမရှိ တော့ ဆတိုးပြီးကောက်တယ်။ မီးဖြတ်ခံထားရတာတောင် လာဆောင်ခိုင်းတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှ်ိမှာ လက်ပံတန်းမြို့တွင် မီတာခများ ယူဆောင်ထွက်ပြေးသွားခြင်းကြောင့် ဒေသခံပြည်သူများထံမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက တရားရုံးနှင့်ပူးပေါင်းကာ ဖိအားပေးကောက်ခံလျက်ရှိပြီး လျှပ်စစ်၀န်ကြီးဌာနမှလည်း ဖိအားပေး တောင်းခံနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။