ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေက အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပစ်သတ်မှုကြောင့် အိန္ဒိယနိုင်ငံသားတွေက နယ်စပ်စစ်ဆေးရေး ဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့လို့ မဏိပူရ်ပြည်နယ် အာဏာပိုင်တွေက အိန္ဒိယ-မြန်မာနယ်စပ်ကို ယာယီ ပိတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံသား အသက် ၃၂ နှစ်အရွယ် အမ်ဖျာနာနဲ့ ၂၈ နှစ်အရွယ် မိုဟန်တို့က ဇူလိုင်လ ၅၅ ရက်မှာ တမူးမြို့ စော်ဘွားရပ်ကွက်က သူငယ်ချင်း တွေဆီကို သွားရောက်လည်ပတ်ရာမှာ တရားမဝင် စစ်ဆေးရေးဂိတ် တစ်ခုမှာ ပျူစောထီးတွေရဲ့ ပစ်သတ်မှုကိုခံခဲ့ရပါတယ်။

“စော်ဘွားရပ်ကွက်က စာသင်ကျောင်းတစ်ကျောင်းအနီးမှာ ပျူစောထီးတွေက သူတို့ကို ခေါင်းကို ပစ် သတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်” လို့ အမည်မဖော်လိုတဲ့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေရဲ့အလောင်းတွေကို တမူးပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့နယ်ရှိ ဒေသခံတွေက အလောင်းတွေကို မိသားစုထံပြန်ပေးဖို့ တောင်းဆိုခဲ့ပြီး အိန္ဒိယအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ပစ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရတဲ့နေရာက ပျူစောထီးတွေရဲ့ပိုင်နက်လို့ သေဆုံးသူတွေရဲ့ မိသားစု နဲ့နီးကပ်တဲ့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။ “ပစ်သတ်ပြီးမှသာ အိန္ဒိယနိုင်ငံသားတွေဆိုတာ ပျူစောထီးတွေ သိပါတယ်” လို့ အမည်မဖော်လိုတဲ့ အဲဒီဒေသခံက ဆိုပါတယ်။

“နှစ်ယောက်စလုံးက ခေါင်းမှာပစ်ခတ်ခံခဲ့ရတာပါ။ တစ်ယောက်က လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားပြီး နောက်တစ်ယောက်က လက်စွပ်နှစ်ကွင်း ဝတ်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့အလောင်းတွေ ရင်ခွဲရုံကို ရောက် တဲ့အချိန်မှာ ဆိုင်ကယ်နဲ့လက်စွပ်တွေ မရှိတော့ပါဘူး” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်က အိန္ဒိယနိုင်ငံသားနှစ်ဦးကို သူလျှိုလို့ထင်ပြီး ပစ်သတ်ခဲ့ဖွယ်ရှိတယ်လို့ အိန္ဒိယနိုင်ငံက Tamil Guardian သတင်းစာက ဇူလိုင်လ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံသား ၂၀၀ လောက် မနက်ကတည်းက ဆန္ဒပြနေခဲ့ပြီး မိုရေးမြို့က မြန်မာတွေကတော့ ကြောက်ရွံ့တာကြောင့် အပြင်ကို မထွက်ရဲကြပါဘူး။ ဆန္ဒပြသူတွေက တမူးနဲ့မိုရေးမြို့ကြားက မြန်မာစစ်ဆေး ရေးဂိတ်ကို မီးရှို့ပစ်ပါတယ်” လို့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။

ကိုးကား – RFA
Ref; India shuts Myanmar border as anger over pro-junta militia killings rises