
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၆ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီဩဇာခံ ရဲ ၇ ဦးကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီဩဇာခံ ရဲ ၇ ဦးဟာ ကားမိုင်းမြို့ကနေ ဖားကန့်မြို့ကို တရားရုံးချိန်းသွားချိန်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကားမိုင်းကနေ ဖားကန့်ကိုလာတဲ့အချိန်ဖမ်းလိုက်တာ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကလည်း အဲ့လိုဖမ်းတာမျိုး ရှိတယ် ခုလူတွေကတော့ ဘယ်ကို ဖမ်းတယ်ဆိုတာတောင် အဆက်သွယ်မရသေးဘူး ဘယ်တပ်မဟာက ဖမ်းတယ်ဆိုတာလည်း မသိရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ကားမိုင်းကနေ ဖားကန့်မြို့ကိုလာရင် တံတားညီနောင်နားမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဩဇာခံရဲတပ်ဖွဲ့ဝင် ၇ ဦးထဲမှာ ဒုရဲအုပ် ၁ ဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရဲ ၇ ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဇူလိုင်လ ၆ ရက်နေ့ညပိုင်းက ဝါဒဖြန့်မီဒီယာတွေတဆင့် သတင်းထုတ်ပြန်ထားပါတယ်။
ဖားကန့်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေချိန် ခုလိုမျိုး ဖမ်းဆီးခံရတာဟာ ပြန်လွတ်ဖို့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလပိုင်းမှာလည်း စစ်ကောင်စီဩဇာခံ ရဲစခန်းမှူးအပါဝင် ရဲ ၃ ဦးကို တံတားညီနောင် နားမှာပဲ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့(ကေအိုင်အေ)က ဖမ်းဆီးခဲ့ပါသေးတယ်။