နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဖေဖော်ဝါရီလ ၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေကို ဇန်နဝါရီလ လကုန်ပတ်ကစတင်ကာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ခဲ့သလို စိုက်ခင်းတွေကို မီးရှို့ဖျက်စီးတာတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းနားက ကျေးရွာတွေကို အကြိမ်ကြိမ် ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးတဲ့အပြင် တရိစ္ဆာန်တွေကို သတ်ဖြတ်တာတွေရှိသလို စိုက်ခင်းတွေကိုပါ မီးရှို့ဖျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ အိမ်တွေကို မီးရှို့တဲ့အပြင် မွေးထားတဲ့ တိရစ္ဆာန်တွေကိုပါ သတ်သွားတာ၊ ပြီးတော့ စိုက်ထားတဲ့ စိုက်ခင်းတွေ ကိုပါ မီးရှို့သွားတော့ စားစရာမရှိတော့အောင်ဖြစ်နေတာ၊ သူတို့ပြန်သွားလို့ ရွာကိုပြန်လာတော့ နေဖို့မရှိ စားစရာလည်းမရှိတဲ့ ဘဝမျိုးဖြစ်နေပြီ”လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တဲ့ ကျေးရွာအများစုဟာ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားလို့ ရွာပြန်လာချိန်မှာ နေစရာနဲ့ စားစရာမရှိတော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းနားက ကျေးရွာတွေနားမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူ ၃၀၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

#လက်ပံတောင်းတောင် #ကျေးရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့
#Ayeyarwaddy_Times