ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဇန်နဝါရီလ ၃၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီး လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ညနေ ၄ နာရီခွဲအချိန်က WY စိတ်ကြွဆေးပြား ၆၀၀ ကျော်အားသယ်ဆောင်လာသည့် အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်)မြို့နယ် ထံမှ သိရသည်။

ကာလတန်ဖိုးငွေကျပ် သိန်း ၃၀ ဝန်းကျင်တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၆၀၀ ကျော် သယ်ဆောင်လာသည့် ဆိုင်ကယ် ၂ စီးနှင့် အမျိုးသား ၃ ဦးအား ဥဩစစ်ကြောင်းမှလမ်းပိုင်း ထားဝယ်အရှေ့တောနယ်ဒေသ၊ ထားဝယ်-ထီးခီးကားလမ်းတစ်နေရာတွင် ရှောင်တခင်စစ်ဆေးချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖမ်းမိတဲ့ဆေးပြားတွေက ကာလတန်ဖိုး သိန်း၃၀‌ေကျာ်‌လောက်ရှိမယ်လို့ ခန့်မှန့်ရတယ်။ အမျိုးသား ၃ ယောက်ကိုဖမ်းမိတာပါ။ သူတို့တွေပစ္စည်းဖလှယ်နေတုန်း ကင်းထောက်တွေတွေ့ရှိခဲ့လို့ သတင်းကဝင်ထားပြီးသားပါ။ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ နေရာရောက်လာတော့ ဖမ်းမိတာပါခင်ဗျာ။ အခုတော့သိမ်းဆည်းရမိတာတွေကို မီးရှို့ဖျက်ဆီးလိုက်ပါပြီ” ဟု ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းများအား အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ထိန်းချုပ်ခြင်းမရှိသည့်အတွက် ရောင်းဝယ်မှုများပိုမိုများပြားလာပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ အရေးယူထိန်းချုပ်ဆောင်ရွက်ခြင်းများ ပြုလုပ်နေရကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။