ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများအနက် ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့၀င် ၈ ဦးကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းက ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုထွန်းလင်းအောင်၊ ကိုခန့်ကိုကိုဇင်တို့ကို ထောင် ၁၅ နှစ် ၊ကိုကောင်းထက်စံ၊ ကိုထင်လင်း ဦး ၊ ကိုဇော်ဇော်၊ ကိုကိုအောင်၊ ကိုကောင်းမြတ်ဇော်နှင့် အမျိုးသမီး ၁ ဦး တို့ကို ထောင် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်တာလို့ သိရပါတယ်။
“သူတို့ကိုအမိန့်မချပဲ အချုပ်ဆောင်မှာထားပြီး ရုံးချိန်းနဲ့မနဲကြာနေပြီ။ ဟိုရက်ကထောင်ဆူတော့ အမိန့်တွေအမြန်ချပစ်တာ။ ဖောက်ခွဲမှု ၃ မှုရယ် လက်နက်မှုတွေရောပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ဈ)တွေနဲ့ ၂ ဦးက ၁၅ နှစ် ၆ ဦးက ၁၀ နှစ် စီချလိုက်တာ”လို့ ပုသိမ်အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အမိန့်ချမှတ်ခံရသူ ၈ ဦးမှာ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့၀င်များဖြစ်ကြပြီး မစ်ရှင်များဆောင်ရွက်နေရင်း ၂၀၂၁ ဇွန်လအတွင်းကနေ စပြီး ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
“PDF တွေကိုအကြမ်းဖက်လို့စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတော့ စိတ်မကောင်းဖြစ်ရတယ်။ ခုချိန်မှာက အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်နေတာ ဆိုတော့လည်း အမိန့်ချခံရတဲ့အပေါ်ထွေထွေထူးထူးပြောစရာမရှိဘူး။ ခုအမိန့်ချခံရတဲ့ PDF တပ်ဖွဲ့၀င်တွေအတွက်တော့ အပြင်မှာ ပြန်ရှိနေသေးတဲ့တပ်ဖွဲ့၀င်တွေကဒီတော်လှန်ရေးကို ၂၀၂၃ One year planမှာ ကြိုးကြိုးစားစားနဲ့တိုက်ထုတ်သွားမယ်ဆိုတာပြောချင်တယ်” လို့ ပုသိမ်မြို့ပြပြောက်ကြားတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံရေးအကျဥ်းသားများ ဆန္ဒဖော်ထုတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်ရာမှာပါ၀င်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ရုံးထုတ်ကာ အမိန့်များချမှတ်နေတာလို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
#ပုသိမ် #မြို့ပြပြောက်ကြား #စစ်ကောင်စီ #ထောင်ဒဏ်နှစ်ရှည်ချမှတ်
#Ayeyarwaddy_Times