
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့၊ မြို့မရဲစခန်းကို ဇူလိုင်လ ၆ ရက် မနေ့ကစလို့ ဝါးချွန်တွေနဲ့အခိုင်အမာကာရံနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြည်-အောင်လံလမ်းမကြီးပေါ်မှာရှိတဲ့ အောင်လံမြို့မရဲစခန်းကို ဝါးဆူးချွန်တွေနဲ့ ခြံစည်းရိုးနှစ်ထပ်ပြုလုပ် ကာရံပြီး အခိုင်အမာခံစစ်စခန်းပုံစံတည်ဆောက်နေတာလို့ ဆိုပါတယ်။
” အုပ်ကြီးပစ်ခံရတာက ၃ ရက်နေ့ ၊ အဲ့ဒီပစ်ခံရပြီးထဲက အတော်ကြောက်နေပုံရတယ်။ ရဲစခန်းကိုလုံးဝတံခါးပိတ်ထားလိုက်တော့တာ။ ရဲစခန်းနားက ကင်းဘန်ကာလည်းတံခါးပိတ်ထားတာ။ မနေ့ကစပြီး ဝါးချွန်တွေနဲ့ကာတာ တထပ်ထဲမဟုတ်ဘူး၊ နှစ်ထပ်ဆောက်ပြီးကာထားတာ” လို့ ဒေသခံတဦးကပြောပါတယ်။
အောင်လံမြို့၊ စစ်ကောင်စီခန့် စက်ရုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းနောင်သိန်း သေနတ်နဲ့ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ရဲစခန်းကို အခုလိုမျိုးကာရံနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အောင်လံမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပစ်ခတ်ခံရမှုတချို့ရှိနေပြီး စစ်ကောင်စီဘက်ကလည်း အောင်လံမြို့နယ်နဲ့အနီးပတ်ဝန်း ကျင်ရွာတွေကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။