ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိပျူစောထီးစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့ ညပိုင်းအချိန်က ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
မြင်းစီး ကျေးရွာရှိ ပျူစောထီး ဌေးအောင်ဆိုသူဦးဆောင်သည့်အဖွဲ့သည် ပြည်သူပိုင် နွားများကို ရောင်းစားနေပြီး၊ ကျေးရွာအတွင်းမှ ပြည်သူများကို ဆပ်ကြေးအဆမတန်ကောက်ခံနေသည့်ပျူအဖွဲ့ဖြစ်ကာ PDF များ၏ တိုက်ခိုက်မှုကြောင့် ၁၀ ဦးခန့်သေဆုံးကြောင်းဒေသခံတစ်ဦးကပြောသည်။
“သူတို့နဲ့အပေါင်းအပါပျူတွေက ရွာသားတွေကို လယ် လုပ်ခွင့်လည်းမပေးဘူး။ လုပ်မယ်ဆိုရင်လည်း ဆပ် ကြေးအနေနဲ့ အများကြီးပေးရတယ်။ ရွာထဲမှာလူတွေ လည်းမနေရဲတော့ဘူး။ သူတို့နှိပ်စက်လို့ တောထဲနေရတယ်။ ခု PDF အဖွဲ့တွေ ၀င်ပစ်တာအားရတယ်။ သေကြတာများကြီးပဲ။ စစ်တပ်ကလာကူတယ်သူတို့ကို။ အဲဒါကြောင့် အကုန်မသေတာ”ဟု ဒေသခံအမျိုးသား တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပျူအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Shwe Bo Local People Defense Force နှင့် အထူးကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
Shwe Bo PDF မှ “ဌေးအောင်ဦးဆောင်တဲ့ ပျူအဖွဲ့ကို ညက၀င်တိုက် ခိုက်ကြတာ ၁၀ ယောက်ထက်မနည်း သေတယ်။ မြင်းစီးရွှေကျောင်းတိုက်ထဲမှာ ပျူအချို့ကိုဖမ်းမိတယ်။ ရွာကိုအကုန်သိမ်းနိုင်တော့မယ့်အချိန်မှာ စစ်ကောင်စီဘက်က ကား ၂ စီးရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်”ဟု ဆိုသည်။