ဟိန်းစံ /ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆူမြို့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ လဝက၊ စည်ပင် ဝန်ထမ်းတွေကို ကြာအင်းဆိပ်ကြီးစစ်ဗျူဟာမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ကြာအင်းဆိပ်ကြီး စစ်ကောင်စီ Non-CDM ဝန်ထမ်းအသိုင်းအဝိုင်းဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ဘုရားသုံးဆူမြို့ စစ်ကောင်စီလက်အောက်ခံ စရဖရုံး၊ ထွေအုပ်ရုံး ၊ လဝက ရုံး နဲ့ စည်ပင်ရုံး စတဲ့ ဌာနဆိုင်ရာအဆောက် အဦတွေနဲ့နေ အိမ်လိုင်းခန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်ကဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရုံးနဲ့လိုင်းခန်းအဆောက်အဦတွေမီးလောင်ပြာကျခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ရုံးနဲ့နေအိမ်လိုင်းခန်းတွေမီးလောင်ပျက်ဆီးသွားလို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို ခေါ်ယူ ထိန်းသိမ်းထားပြီး အဲ့ဒီထဲက Non-CDM ဝန်ထမ်းတချို့ကိုစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

”မီးလောင်ပြီး အဲ့ဒီနောက်နေ့ဘဲ စဗဟ(စစ်ဗျူဟာ) ကြာအင်းဆိပ်ကြီးကို အကုန်ခေါ်သွားတယ်။ လတ်ညတလော တော့ထိန်းသိမ်းထားတဲ့သဘော၊ တချို့ကိုစစ်ဆေးနေတာမျိုးတွေရှိတယ် ဒီမီးရှို့တဲ့ကိစ္စမှာ ပူးပေါင်းပါဝင်တာ တွေရှိ၊မရှိဆိုတာမျိုးပေါ့။ ပြီးမှဘယ်လိုဆက်လုပ်မယ်မသိသေးဘူး၊ လတ်တလောလည်းသူတို့တက်စရာ ရုံးမရှိဘူး၊ မီးထဲကိုစာရွက်စာတမ်းတွေရော ကွန်ပျူတာတွေရောအကုန်ပါသွားတာ” လို့ ကြာအင်းဆိပ်ကြီး မြို့နယ် Non – CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို ကြာအင်းဆိပ်ကြီးစစ်ဗျူဟာ လက်အောက်ခံ ခလရ ၂၈၃၊ ၂၈၄၊ ၃၂ စတဲ့တပ်ရင်းတွေမှာဖြန့်ခွဲထိန်း သိမ်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာရုံးတွေမီးရှို့ခံရမှုမှာ စရဖရုံး၊ထွေအုပ်ရုံး၊လဝကရုံး၊စည်ပင်ရုံး ၄ ရုံး အပြင် စရဖမှူး နေ အိမ်၊ ထွေအုပ် ၇ ခန်းတွဲဝန်ထမ်းလိုင်းခန်း၊ လိုင်းခန်းမှာတွဲဖွင့်ထားတဲ့ ဈေးဆိုင်ခန်းတွေမီးလောင်ပြာကျပျက်ဆီး ခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ – ဘုရားသုံးဆူမြို့ စစ်ကောင်စီနယ်စပ်ဂိတ်(ပုံဟောင်း)။