ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၆ ရက်
စစ်ကိုင်းမြို့နယ်၊ လယ်ကြီးနှင့် နတ်ခရိုင်ကြားတွင် စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နှာရီ ဝန်းကျင်တွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။
စစ်ကောင်စီ၏ တပ်မ ၃၃ မှ တပ်အင်အား ၄၀ ခန့်ကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပဒေသာမိုင်း ၆ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားအဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့က မနက်ပိုင်းထဲက မိုင်းထောင်ထားတာကို သူတို့အဖွဲ့က မိုင်းလိုက်ရှင်းပြီး ကျတော်တို့အဖွဲ့ကို လိုက်ပြီး ပစ်ခတ်လို့ အန္တရယ်မရှိဘဲ တိမ်းရှောင်လိုက်နိုင်တယ်ဗျ။ နောက်တော့ ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေက မိုင်းတွေပြန်စုပြီး ပဒေသာမိုင်းဆင်ကာ ညနေဘက် အချိန်မှာ ပြန်လည်တိုက်ခိုက်ခဲ့ကြလို့ သူတို့ရဲ့ကားပေါ်ပါတဲ့ စစ်ကောင်စီတပ်သား၂ဦး သေပြီး အများပြားဒဏ်ရာရရှိခဲ့ကြတယ်။ ကျွန်တော်တို့က အခုနှစ်မှာစစ်ကောင်စီတပ်ကို ညီညွတ်စွာနဲ့ပူးပေါင်းတိုက်ခိုက်သွားမှာပါ”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ အပါအဝင် သရဲနီအဖွဲ့၊ 3Dအဖွဲ့နှင့် စွန်ရဲအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။