ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၆ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်ရှိ ကံပေါက်က ဒေသခံ ရွာသား ၁၀ ဦးကို ဇန်နဝါရီလ ၂၅ ရက် ည ၁၂ နာရီအချိန်ခန့်က ကံပေါက် စစ်ကောင်စီရေတပ်သားတွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကံပေါက်ဒေသက သာမာန်ဒေသခံတွေဖြစ်ပြီး ပစ်ခတ်ခံရတဲ့အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူက တိုင်တန်းလို့ဖမ်းဆီးခံရတာလို့ပြောပါတယ်။
” ဖမ်းခံရတာက မဂ္ဂင်ရပ်ကွက်က ဦးမင်းမင်းနဲ့သူရဲ့သားမက် ကိုအာကာမာန်၊လှည်းကုန်း ၁ ရပ်ကွက် က ဦးထိန်းရှိန် နဲ့မိသားစုဝင် ၄ ယောက် ၊မိကျောင်းအိုင် လမ်းမတန်းရပ်ကွက်က ၄ ယောက် အားလုံး ၁၀ ယောက်။ သူတို့အကုန်လုံးဒီတိုင်းသာမန်လူတွေ အုပ်ကြီးမိန်းမက မကျေနပ်ချက်နဲ့ဖမ်းခိုင်းတာ” လို့ အုပ် ချုပ်ရေးပိုင်းနဲ့နီးစပ်တဲ့ ကံပေါက်ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
မနေ့က ပစ်ခတ်ခံခဲ့ရတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးဟာ ဒဏ်ရာပြင်းထန်လို့ ရေတပ်ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကံပေါက်ဒေသခံ ဆယ်ဦးကို မောရဝတီရေတပ်စခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီးလက်ရှိအချိန်ထိ အမျိုးသမီး ၁ ဦးသာပြန်လွတ်မြောက်လာသေးတယ်လို့ဒေသခံတွေကပြောပါတယ်။
ဓာတ်ပုံ-ဖမ်းဆီးခံထားရသည့် ကံပေါက်ဒေသခံများ
#Ayeyarwaddy_Times