ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

မြန်မာ့မြေပေါ်၌ အာဏာရှင်စနစ်များအားလုံး အပြီးတိုင်ဖျက်သိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန်အတွက် ဧရာ၀တီဖက်ဒရယ်ကောင်စီကို ယနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ဧရာ၀တီတိုင်းဒေသကြီးရှိ နိုင်ငံရေးအင်အားစုများမှာ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် ဧရာ၀တီ အမျိုးသားများပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ကို ၂၀၁၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အကောင်အထည်ဖော်ရန် ဦးဆောင်ကော်မတီ (ယာယီ) ကိုလည်း ဖွဲ့စည်းထားရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေးလိုအပ်ချက်အရ အာဏာရှင်စနစ်အားလုံး အပြီးတိုင် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဟူသော မူဝါဒ (၃) ရပ်အပေါ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဦးဆောင်ကော်မတီကို ဧရာ၀တီဖက်ဒရယ်ကောင်စီအဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ၂၀၁၄ ကတည်းက နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါ အသုံးပြုနိုင်ဖို့ ဧရာ၀တီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဆွဲထားပြီးသားပါ။ မူကြမ်းဦးဆောင်ကော်မတီကလည်း ရှိထားပြီးသားပါ။ အခုအခါမှာ နိုင်ငံရေးလိုအပ်ချက်အရ အဲဒီဖွဲ့စည်းပုံ(မူကြမ်း) ကော်မတီကို လက်ရှိမှာ ဧရာ၀တီ ဖက်ဒရယ်ကောင်စီအဖြစ်နဲ့ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့အတိုင်း မူဝါဒ ၃ ရပ်ကို နိုင်ငံရေး၊ စစ်ရေးနည်းလမ်းတွေနဲ့ အစဉ်တစိုက်ပြီး ကြိုးပမ်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ဧရာ၀တီဖက်ဒရယ်ကောင်စီ ဦးဆောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာ၀တီဖက်ဒရယ်ကောင်စီအနေဖြင့် ဧရာ၀တီတိုင်း၌ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် နိုင်ငံတော်တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းလမ်းနှင့်သာမက စစ်ရေးနည်းလမ်းများကိုပါ အသုံးပြု၍ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆိုသည်။