ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ၂၃ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ ယမန်​နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အရာတော်မြို့၊ အနောက်ဘက်အထွက်လမ်းမရှိ အင်အား ၁၅ ဦးခန့်ရှိ စက်မှုလယ်ယာဂိတ်ကို ကာ ကွယ်ရေးပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ၂ ကြိမ် တိုက် ခိုက်ခဲ့ကြောင်း Danger Force LPDF ထံမှသိရသည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က အဲ့ဂိတ်ကိုနေ့လည်ပိုင်းမှာ ဒရုန်းနဲ့ ၂ကြိမ် သွားတိုက်ခိုက်တာ။ ၆ ယောက် ဒဏ်ရာရပြီး မနေ့က ဆေးရုံမှာ ၂ယောက်သေသွားတယ်ဗျ။ နောက်ထပ် တစ်ယောက်လဲ သေ လုနီးပါး ဒဏ်ရာ ရထားတယ်လို့လည်း သိရတယ်။ ပြည်သူတွေကလည်း သွားလာရာမှာ သတိနဲ့ သွား လာကြဖို့နဲ့ ကျတော်တို့ အဖွဲ့တွေကိုလည်း ဝိုင်းဝန်းပူးပေါင်းပြီး နောက်ထပ်မစ်ရှင်တွေ လုပ်နိုင်အောင် ကူညီပေးကြပါ”ဟု Danger Force LPDF အဖွဲ့၏ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန် က ဧရာဝတီတိုင်းမ်ကိုပြော သည်။

ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်သော်လည်း PDF ပူးပေါင်းအဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် Danger Force LPDFအတူ Ngwe Dwin Revolution Force(NDRF)၊MRTF တပ်ဖွဲ့ တို့မှ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း Danger Force LPDF ထံမှ သိရသည်။