ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ရွှေ့ပြောင်းခြင်း မရှိဘဲ သူမကို နေပြည်တော် အချုပ်ထောင်၌ ဆက်လက်အကျဉ်းချထားဆဲ ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သော အသိုင်းအဝိုင်းများထံက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့်အမှုများအနက် သြစတေးလျနိုင်ငံသား စီပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နှင့် အတူ စွဲဆိုခံထားရသော အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မအမှုကို ယနေ့ နေပြည်တော် ထောင်တွင်းတရားရုံး၌ စစ်ဆေးရန်ချိန်းဆိုထားသော်လည်း တရားသူကြီး ခွင့်ယူထားသဖြင့် အမှု စစ်ဆေးနိုင်ခဲ့ခြင်း မရှိကြောင်း တရားရုံးနှင့်နီးစပ်သောအသိုင်းအဝိုင်းထံက သိရသည်။
တရားရုံးနှင့်နီးစပ်သူများအဆိုအရ ယနေ့ရုံးချိန်း မစတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများနှင့် သီးသန့်တွေ့ဆုံ စကားပြောခွင့်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
ပြီးခဲ့သည့် စနေနေ့(ဇူလိုင် ၂ ရက်နေ့)တွင် စစ်ကောင်စီက ယခင် ဒေါ်အောင်ဆန်းစုကြည်အနီးအပါးတွင် နေထိုင်ခဲ့ရသူများ၊ နေပြည်တော်ရှိ နေအိမ်ဖြစ်သော နှင်းဆီအိမ်တော်ပစ္စည်းများနှင့် သားဖြစ်သူ လက်ဆောင်ပေးခဲ့သော တိုက်ချီတိုခွေးကလေးကိုရော ရန်ကုန်ရှိ ခြံအမှတ် ၅၄ သို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲကာ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီး ကျန်သည့်အမှုများအတွက် တရားလိုပြသက်သေနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းထားသော သက်သေများကို များစွာ လျော့ချထားကြောင်း သိရသည်။