ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ရဲအုပ်ရဲ့ သမီး ၈ တန်းကျောင်းသူက ခိုးပြေးတာခံရတဲ့ ၆ တန်းကျောင်းသားကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူကာ ဖမ်းဆီး ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

ပုသိမ်မြို့က အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ရဲအုပ်ရဲ့ သမီးဖြစ်သူ ၈ တန်းကျောင်းသူက ဦးဆောင်ပြီး ကျောင်းသား ၃ ဦး ကျောင်းသူ ၃ ဦးဟာ ချောင်းသာကို ဇန်နဝါရီလ ၁၇ ရက်နေ့က သွားရောက် ခဲ့ရာမှာ ခုလိုမျိုး ၆ တန်းကျောင်းသားကို တရားစွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“၁၇ ရက်နေ့မှာ ချောင်းသာကို ကလေးအုပ်စုက သွားတယ်။ ချေားသာမှာ တည်းခိုတဲ့နေရာပတ်ဝန်းကျင်က မသင်္ကာလို့ ရဲစခန်းကိုအကြောင်းကြားရာမှာ ရဲစခန်းက သွားရောက်ဖမ်းဆီးမှုလုပ်တယ်။ အဲ့မှာ အထက ၄ က ၈ တန်းကျောင်းသူရယ်၊ ၆ တန်းကျောင်းသားရယ် တွေ့တာ။ ကျောင်းသူက ၂ ပွင့်နဲ့ ရဲအုပ်ရဲ့သမီး။ ပထမတော့ အားလုံးကို စခန်းမှာ ထိမ်းသိမ်းထားရာကနေ လက်ရှိမှာတော့ ၆ တန်းကျောင်းသားကိုတော့ အမှုဖွင့် တရားစွဲထားတယ်လို့ သိရတယ်”လို့ ချောင်းသာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရဲအုပ်ရဲ့ သမီးဖြစ်သူ ၈ တန်းကျောင်းသူက သူ့မှာပါလာတဲ့ လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ၆ တန်း ကျောင်းသားကို ခေါ်ဆောင်လာတာလို့ ချောင်းသာဒေသခံတွေက ပြောပါတယ်။ အသက်ပိုကြီးတဲ့ ၈ တန်း ကျောင်းသူမိန်းကလေးက ခိုးပြေးလာတာကို ယခုလိုမျိုး ၆ တန်းကျောင်းသားကို ဖမ်းထားပြီး တရားစွဲဖို့ စီစဉ်နေတာ တရားမမျှတဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ်။ ၂ ဘက်စလုံးမှာ အားနည်းချက်ကိုယ်စီဖြစ်နေတဲ့အနေအထားမှာ ၆ တန်း ကျောင်းသားကလေးကိုပဲ အမှုဖွင့်တရားစွဲမယ်ဆိုတာကတော့ တရားမျှတမှု မရှိဘူးလို့ ပြောချင်တယ်။ ပြီးတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ကိုယ်ထိန်းကြဖို့နဲ့ ကလေးတွေကို ဖုန်းတွေပေးသုံးပြီး လွှတ်မထားကြဖို့ ပြောချင်ပါတယ်”လို့ ချောင်းသာဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။