နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၂၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားထဲက ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်အစောပိုင်းက နေအိမ်ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အိုင်ဝိုင်းကျေးရွာမှာနေထိုင်တဲ့ စပါးကုန်သည်တစ်ဦးရဲ့နေအိမ်မှာ မနက် ၂ နာရီလောက်က ဖောက်ထွင်းခံရတာ ဖြစ်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေသား သိန်း ၃၀၀ အပြင် ဆိုင်ကယ်တစ်စီးပါ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ၂ နာရီလောက်ကဖြစ်သွားတာ ငွေသားက သိန်း ၃၀၀ ပါသွားတယ်၊ ပြီးတော့ ရွှေတွေလည်းပါသွားတယ်၊ ဆိုင်ကယ် ၁ စီးပါ ပါသွားတယ်ကြားတယ်၊ မိဘတွေကလည်း ကုန်သည်တွေဆိုတော့ ချမ်းသာတယ်လေ၊ အဲ့တာကြောင့်ခုလိုမျိုး ပါသွားတာထင်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နေအိမ်ဖောက်ထွင်းခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက နေအိမ်ကို လာရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့တဘ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ကောင်စီသတင်းပေးတွေ၊ စစ်မှုထမ်းဟောင်း တွေ၊ ပြည်သူ့စစ်တွေနဲ့ နေ့ညလုံခြုံရေးတင်းကြပ်ထားချိန်မှာ ခုလိုမျိုး ဖောက်ထွင်းခံရတာ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇဝတ်မှုတွေ၊ နေအိမ်ဖောက်ထွင်းမှုတွေနဲ့ ဆိုင်ကယ် ခိုးယူခံရမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလောက်ခံရဲတပ်ဖွဲ့က တရားခံဖမ်းဆီး နိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။