ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ခရီးသည်တင်ကားတစ်စီး လမ်းဘေးထိုးကျပြီး သစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကနေ အိမ်မဲမြို့ကိုလာတဲ့ ခရီးသည်တင်ကားဟာ တကုန်းကြီးကျေးရွာ စိုက်ပျိုးရေးနည်းပညာစင်တာ အနီးမှာ နေ့လည် ၁ နာရီခွဲလောက်က လမ်းဘေးထိုးကျခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ ကားခေါင်းက သစ်ပင်နဲ့တိုက်ပြီး ယာဉ်မောင်းညှပ်နေတယ်ပြောတယ်၊ ထိခိုက်မှုတော့ရှိတယ် ခုမှ အသင်းအဖွဲ့ကကားတွေလည်း သွားနေတုန်းဆိုတော့ သေချာမသိရသေးဘူး”လို့ ဒေသခံပရဟိတအသင်းဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခရီးသည်တင်ကားဟာ အရှိန်လွန်ပြီး လမ်းဘေးထိုးကျကာ သစ်ပင်ကို ဝင်တိုက်မိတာကြောင့် ယာဉ်မောင်း ဖြစ်သူကို ကယ်မထုတ်ရသေးသလို ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တချို့လည်း ထိခိုက်ဒဏ်ရာရရှိတာ ရှိတယ်လို့ ဆိုပါတယ်။

ပုသိမ် – ရန်ကုန် ကားလမ်းဟာ ကျဉ်းမြောင်းတာကြောင့် ကား ၂ စီး မျက်နှာချင်းဆိုင်မောင်းနှင်ဖို့အတွက် သတိ ထားရပြီး မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေဖြစ်ပွားလေ့ရှိတဲ့လမ်းလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ကန်ကြီးထောင့် #ခရီးသည်တင်ကား #လမ်းဘေးထိုးရျ #သစ်ပင်ဝင်တိုက်
#Ayeyarwaddy_Times