ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို နယ်မြေအတွင်းက တောတွင်းတစ်နေရာမှာ လက်နက်တွေနဲ့ စခန်းတစ်ခုကို ဇန်နဝါရီလ ၁၅ ရက်နေ့က သိမ်းဆည်းရမိပြီးနောက် ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ၁၅ရက်နေ့မှာ စစ်တပ်က ငွေဆောင်ဘက်ကနေ တောထဲကနေ ငရုတ်ကောင်းဘက်ကို စစ်ကြောင်းထိုး၀င်လာတာ။ သံပါတ်ကွင်းနားတောထဲမှာ လက်နက်တွေနဲ့ စခန်းတွေသိမ်းမိတယ်ပြောတယ်။ ဆင်မုဆိုးတွေစခန်းဖြစ်နိုင်ပေမယ့် သူတို့ကတော့ PDF စခန်းလို့ ပြောနေကြတယ်။ အဲ့နောက်ပိုင်း စစ်တပ်ကရွာတွေမှာ တပ်စွဲထားတာ တစ်ပတ်လောက်ရှိပြီ ရွာသားတွေလည်း စွပ်စွဲဖမ်းဆီးခံရမှာကြောက်နေရတယ်”လို့ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နို၀င်ဘာလ ၁၆ နေ့မှာ ငရုတ်ကောင်းမြို့ကို ပုသိမ်မြို့ဘက်က ရောက်ရှိလာတဲ့ စစ်ကား ၄ စီး ၀င်ရောက်လာပြီးနောက်ပိုင်း သံပတ်ကွင်း ၊ညောင်ဝိုင်းရွာ၊ ချောင်းဖျား၊ ဆေးခါးကြီးချောင်းစတဲ့ကျေးရွာများမှာ တပ်ဖြန့်ပြီး နေရာယူထားကာ ငွေဆောင်မြို့ဘက်ကနေ ငရုတ်ကောင်းမြို့ကို ထော်လာဂျီနဲ့ စစ်ကောင်စီတပ်သား ၃၀ နီးပါးထပ်မံရောက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာရဲ့ အရှေ့မြောက် (၂၅) မိုင်အကွာက တောတွင်းတနေရာမှာ လူနေတဲ ၅ လုံး၊ M 22 ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု ၊ ၉ မမ ကျည် (၂၂)တောင့် ၊ ၁၂ ဗို့လက်လုပ်သေနတ် (၁)လက်နဲ့ ကျည် (၁၀)တောင့်၊ တူမီး (၁)လက်၊ ဒူးလေး (၂)လက်၊ ခဲသီး (၁၀၉)လုံး၊ မြား (၄၆)ချောင်း ၊ ကန့်မှုန့် (၅၀)ကျပ်သား၊ ယမ်းမှုန့် (၂၀)သား၊ ယမ်းကြိုး ၂၀ပေ (၁)ချောင်း၊ ဆိုလာ (၂)ချပ်တို့ကိုသိမ်းဆည်းရမိတယ်လို့စစ်ကောင်စီဘက် ကသတင်းထုတ်ပြန်ထားပါတယ်။

ခုလို လက်နက်နဲ့စခန်းတစ်ခု စစ်ကောင်စီဘက်ကသိမ်းဆည်းရမိတာနဲ့ပတ်သတ်ပြီး ပုသိမ်ခရိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ငရုတ်ကောင်းမြို့ ဆင်ငံကျေးရွာအနီး သစ်တောတွင်းက PDF စခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းခဲ့ပြီးနောက်ပိုင်း ကျေးရွာနေပြည်သူ ၁၅ ဦးခန့်ကို PDF ကို ကူညီပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့ဖူးတာကြောင့် ယခုလိုစစ်တပ်အင်အားအများအပြားထပ်မံရောက်ရှိလာချိန်မှာ ဒေသခဲပြည်သူတွေအနေနဲ့ စွပ်စွဲဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။