
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပါတီရုံးချုပ်အပါအဝင် တချို့မြို့နယ်များတွင် အာဏာသိမ်း စစ်တပ်တွင် နိုင်ငံရေးမလုပ်ပါဟုဆိုသော ပါတီထိပ်ပိုင်းတချို့၊ ကိုယ်စားလှယ်တချို့နှင့် အောက်ခြေအဆင့် ပါတီဝင်များက သက်ဆိုင်ရာနယ်အလိုက် ပါတီရုံးများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုကို မြင်တွေ့လာရ၍ ပါတီရုံးများကို ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ရုံးသို့ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်းများ ပြုလုပ်လျှင် ဥပဒေကြောင်းရဖြစ်စေ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအရဖြစ်စေ အရေးယူသွားမည်ဟု NLD ပါတီက ဇူလိုင် ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဌာနချုပ်ရုံးအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့ ပါတီရုံးများကို ဖျက်ဆီးမှု ၁ဝ၆ ကြိမ်အထိ ရှိခဲ့ပြီး ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်ကို ၃ ကြိမ်တိတိ ဝင်ရောက်ဖျက်ဆီးကာ ရုံးချုပ်အတွင်းစာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင်ပေါင်း ၂၂၄ ဦးတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်ကာ တချို့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည်။
ယခုအခါတွင် ဌာနချုပ်ရုံးသည် တရားဥပဒေ၏ အကာကွယ်မရချိန်ကို အခွင့်ကောင်းယူပြီး ပါတီမှ တာဝန်ပေးထားခြင်း မရှိသူများက ဌာနချုပ်ရုံးသို့ အကြောင်းပြကာ ဝင်ထွက်သွားလာရန် ကြိုးပမ်းနေကြသည်ကိုလည်း သိရှိရကြောင်း ထို ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့အတွက် ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာ ကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ်တာဝန်ခံများ အစည်းအဝေး ကျင်းပခဲ့ပြီး ယခုလိုဆုံးဖြတ်ခဲ့ကြောင်း ထိုထုတ်ပြန်တွင် ရေးသားထားသည်။
‘‘တချို့က စစ်ကောင်စီမှာ ခံဝန်လက်မှတ်ရေးထိုးပြီးတော့ အဖမ်းမခံရသူတွေရှိတယ်။ တချို့က စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးတော့မှ ခံဝန်နဲ့ ထောင်က ပြန်ထွက်လာသူတွေရှိတယ်။ တချို့က သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် စတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ နိုင်ငံရေးမလုပ်တော့ဘူးဆိုတဲ့ ထောက်ခံချက်တွေနဲ့ အဖမ်းမခံရသူတွေရှိတယ်။
အဲ့ဒီလိုလူတွေကို စစ်ကောင်စီက ဖိအားပေးပြီးတော့ ပါတီရုံးတွေပြန်ဖွင့်ပါတယ်ဆိုတာမျိုး လုပ်တာလည်းရှိတယ်။ တချို့ကတော့ သူတို့ကိုယ်တိုင်က ပါတီရုံးတွေ ပြန်ဖွင့်ချင်လို့ကိုရှိတယ်။ ဘယ်လိုပဲရှိရှိ အခုချိန်မှာ ပါတီကို ဒီလောက် နှိပ်ကွပ်နေဆဲမှာ ရုံးတွေပြန်ဖွင့်ဖို့ကို ပါတီက ခွင့်မပြုတာ’’ ဟု NLD ပါတီနှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိအချိန်တွင် ၎င်းတို့ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း NLD ပါတီက အစစ်ဆေးမခံပဲ၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဗဟိုကော်မတီဝင်များကို ဖမ်းဆီးထောင်ချထားသဖြင့် စစ်ဆေးရန်မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကို ပြန်အကြောင်းပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီသည် NLD ပါတီကို ထိုကဲ့သို့အစစ်မခံသော်လည်း ပါတီဖျက်သိမ်းနိုင်သည့် ရွေးကောက်ပွဲကော်မရှင် ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိပဲ ၎င်းတို့ကျင်းပမည့် အချိုးကျစနစ် PR ဖြင့်ပြုလုပ်မည့် ၂ဝ၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက် တဖက်တလမ်းမှ ကြိုးစားနေခြင်းဖြစ်သည်ဟု တိမ်းရှောင်နေကြရသော ပါတီဝင်များက သုံးသပ်သည်။
‘‘ဒါကတော့ စစ်တပ်က တဖက်မှာ ပါတီရုံးတွေကို မဖြစ်မနေဖွင့်အောင်ကို ဖိအားပေးမှာကတော့ ကျိန်းသေတယ်။ ဒါမှလည်း နိုင်ငံတကာရဲ့ ဖိအားကို လျော့ချပြီးတော့ ပါတီရုံးတွေတောင် ပြန်ဖွင့်ခွင့်ပေးနေပါပြီဆိုတာ သူတို့လုပ်ချင်တာ။ အဲ့ဒီမှာ တခုရှိတာက လူတွေကို ဒီလောက်သတ်၊ ဖမ်းပြီးထောင်ချ၊ အိမ်တွေကိုမီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လှည့်ကွက်ထဲကို တိုးဝင်ကြမယ့်သူတွေအနေနဲ့ သေသွားတဲ့ ပြည်သူတွေ၊ အာဇာနည်တွေရဲ့ မျက်နှာကို ပြန်ကြည့်ပါလို့ပဲ ပြောချင်တယ်’’ ဟု တိမ်းရှောင်နေသော လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။