ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက အကျဉ်းထောင်တာဝန်ရှိသူတွေ ခေါ်ထုတ်သွားပြီး နာရီပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရတဲ့ ကိုဝင်းမင်းထက်(ခ)မဲကြီးဟာ ရက်အတန်ကြာ သတင်း အစအန မရဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

ပုသိမ်ထောင်တာဝန်ရှိသူတွေ ခေါ်ယူနှိပ်စက်ခဲ့တဲ့ ကိုဝင်းမင်းထက်(ခ)မဲကြီးဟာ ၁၀ ရက်ကျော် သတင်းမရဘဲ ပျောက်ဆုံးနေရာကနေ ဒီကနေ့ (ဇန်နဝါရီလ ၁၉ ရက်) မှာတော့ သူအသက်ရှင်လျှက်ရှိနေပြီး ပုသိမ်ထောင် အတွင်း တိုက်ပိတ်ခံထားရကြောင်း ကိုဝင်းမင်းထက်(ခ)မဲကြီးရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အတည်ပြု ပြောဆိုပါတယ်။

“ကိုမဲကြီးက ပုသိမ်ထောင်ထဲမှာပဲ ရှိသေးတယ်၊ သေတယ်ဆိုတာ မဟုတ်ပါဘူး။ သူ အသက်ရှင်နေတယ်။ သေတယ်ဆိုရင် မိသားစုကိုတော့ စစ်ကောင်စီက မဖြစ်မနေ အကြောင်းကြားမှာပဲလေ။ အခုက အဲ့လို အကြောင်းကြားတာလည်း မရှိပါဘူး။ သူအသက်ရှင်နေတာ သိရပေမယ့် ဘယ်လိုဒဏ်ရာတွေရထားတယ် ဆိုတာ မသိရသေးပါဘူး၊ လောလောဆယ်တော့ တိုက်ပိတ်ထားတယ်”လို့ ကိုဝင်းမင်းထက်(ခ) မဲကြီး မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်အောင်မြို့နယ်က CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီက ကြိုးစင်ဆောက်ပြီး ကွပ်မျက်ဖို့ပြင်ဆင်နေတာကို ကိုဝင်းမင်းထက်(ခ)မဲကြီးနဲ့ ကိုဝင်းထွန်းနိုင်(ခ) ခေါလေးတို့ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးက အကျဉ်းထောင်တာဝန်ရှိသူတွေထံ ကန့်ကွက်ခဲ့ကြပါတယ်။

ဒီလိုကန့်ကွက်တဲ့အတွက် ကိုမဲကြီးအပါအဝင် နိုင်/ကျဉ်း ၈ ဦးကို ဖုန်းလက်ဝယ်တွေ့ရှိမှုနဲ့ ဇန်နဝါရီလ ၅ ရက် ညပိုင်းမှာ ပုသိမ်ထောင်တာဝန်ရှိသူတွေက အချုပ်ဆောင်အတွင်းက ခေါ်ထုတ်ပြီး နာရီပေါင်းများစွာ ညှဉ်းပန်း နှိပ်စက်ရိုက်နှက်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းမှာ ပုသိမ်ထောင်တာဝန်ရှိသူတွေက ကိုဝင်းထွန်းနိုင်(ခ)ခေါလေးအပါအဝင် နိုင်/ကျဉ်း ၇ ဦးကို ထောင်ထဲပြန်ပို့ပြီး တိုက်ပိတ်ပစ်ခဲ့ပါတယ်။ ကိုဝင်းမင်းထက်(ခ)မဲကြီးကတော့ ထောင်ထဲ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ၇၀ ခန့်က ကိုမဲကြီးကို ပြန်လွှတ်ပေးဖို့နဲ့ တိုက်ပိတ်ခံထားရတဲ့ နိုင်/ကျဉ်း ၇ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေအစပြုပြီး ထောင်ဆူမှုနဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထောင်အာဏာပိုင်တွေလက်ချက်ကြောင့် နိုင်ငံရေး အကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု သေဆုံးခဲ့ပြီး နိုင်/ကျဉ်း ၇၀ ခန့်ကလည်း ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရပါတယ်။

ပုသိမ်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း ၁၀ ရက်ကျော် ပျောက်ဆုံးနေတဲ့ ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးကို ထောင်အာဏာပိုင်တွေက ညှင်းပန်းနှိပ်စက်ပြီး သီးခြားတိုက်ပိတ်ပြစ်ဒဏ်ချထားတယ်လို့
ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူကလည်း အတည်ပြုပါတယ်။

“အကိုတို့ရထားတဲ့သတင်းတွေအရ ကိုမဲကြီးဟာ အသက်ရှင်နေသေးတယ်၊ အကျဉ်းထောင်ထဲမှာပဲ တိုက်ပိတ် ခံထားရတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်တွင်း ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ စစ်ကောင်စီဘက်က ထောင်ဝင်စာပို့ခွင့် ၁ လ ပိတ်ထားပြီး ထောင်ဆူမှုဖြစ်စဉ်မှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကတုံးတုံးတာနဲ့ တရက်ကို ထမင်း ၁ နပ်ပဲကျွေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။