ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဇန်နဝါရီလ ၁၇ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ယနေ့ ဇန်နနဝါရီလ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်၌ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ၏ နေအိမ်အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ရင်းငြိမ်တောင်ကျေးရွာတွင် အသစ်ခန့်အပ်မည့်အုပ်ချုပ်ရေးမှူးဟု နာမည်ကြီးနေသည့် ကျားကြီးဆိုသူအားရှင်းလင်းရန်သွားရောက်စဉ် နေအိမ်၌မရှိသည့်အတွက် ၎င်း၏နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူကအသစ်ခန့်မည့် အုပ်ချုပ်ရေးမှူးဆိုပြီး နာမည်ကြီးနေတာ။ ပြည်သူ့စစ်အဖွဲ့ဝင်လို့ယူဆရတယ်။ လက်နက်လဲရှိတော့ အရင်ကအုပ်ကြီးက NLDအစိုးရလက်ထက်ကတည်းက ရှိနေတာ။ သူ့ကိုဖြုတ်ပြီး ခုဒီတစ်ယောက်ကအုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာမယ်ဆိုပြီး နာမည်ကြီးနေတာ။ ရွာထဲမှာလည်း စစ်တပ်ထောက်ခံသူဆိုပြီးနာမည်ကြီးနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်ကျားကြီးဆိုသူမှာ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးပြီး ၎င်းအားရှင်းလင်းရန်သွားစဉ် နေအိမ်၌မရှိသည့်အတွက် နေအိမ်အားစီးနင်းရှာဖွေစဉ် ၎င်းမိသားစုအားအန္တရာယ်မပေးပဲ သေနတ်သာသိမ်းဆည်း ရယူခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဥတ္တံတားကျေးရွာနယ်ထိန်းဆိုသူနှင့် ရဲတပ်သားတစ်ဦးအား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – အုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာမည်ဟုနာမည်ကြီးနေသူ ကျားကြီး