ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဇန်နဝါရီလ ဒုတိယပတ်ကစတင်ပြီး မြို့ပေါ်ရပ်ကွက်များမှာနေထိုင်တဲ့ ဒေသခံ ပြည်သူတွေကို စစ်ကောင်စီ မိမိခြံရှေ့သန့်ရှင်းအောင်လုပ်ထားဖို့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်ထဲ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က ခြံရှေ့သန့်ရှင်းရေးမလုပ်ထားရင် ဒဏ်ငွေ ၅၀၀၀၀ ထိဒဏ်ရိုက်မှာဖြစ်ကြောင်း လိုက်လံ ကြေညာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ခုက နည်းမျိုးစုံနဲ့ဖိနှိပ်နေတာပါပဲ၊ ခြံရှေ့အမြဲသန့်ရှင်းနေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ၊ အဲ့တာကို အကြောင်းရှာ ဒဏ်ရိုက်ဖို့လုပ်နေတာ၊ လိုက်တော့ ကြေညာသွားတာဟုတ်တယ် အလုပ်သွားနေတော့ မသိလိုက်ဘူး၊ ဘေးအိမ်ကသူတွေပြောမှသိရတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်ခြံရှေ့သန့်ရှင်းရေးလုပ်ထားဖို့နဲ့ လာရောက်စစ်ဆေးတဲ့အခါ မသန့်ရှင်းတာမျိုးတွေ့ရင် ဒဏ်ငွေ ၅ ထောင်ကနေ ၅ သောင်းထိဒဏ်ရိုက်မှာဖြစ်ကြောင်း လိုက်လံကြေညာ ခဲ့တာလို့ ဆိုပါတယ်။