ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဇန်နဝါရီလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ ထွက်လာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ယနေ့ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ချင်းတွင်းတိုက်ဂါး-CTPDFနှင့်ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ။

ဘန့်ဘွေးရွာပျူစောထီးစခန်းမှ စစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀ ဦးဝန်းကျင်သည် ပြည်သူများထံမှ ရိက္ခာနှင့်အရက်များလုယက်ရန် ထွက်ခွာလာရာရှေ့ထွက်မိုင်း၊ ဝုန်းကွဲမိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးနှင့်အထက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတိုက်ခိုက်တော့ ၃ ယောက်ကပွဲချင်းပြီးသေသွားတယ်၊ သူတို့ဘက်ကရမ်းပြီးပြန်ပစ်ကြတယ်၊ ကျွန်တော်တို့ဘက်ကလက်လုပ်သေနတ်တွေဘဲပါလို့ပြန်ဆုတ်ခဲ့ရတယ်၊ သူတို့ကအဓိက ရိက္ခာနဲ့အရက်ထွက်ရှာတာ၊ သူတို့လိုချင်တာရှိရင် ပြည်သူတွေဆီကခွင့်ပြုချက်ရရ မရရယူသွားကြတယ်၊ သူတို့ကအဲ့ဒီလိုပုံမှန်လုပ်နေကြဘဲ”ဟု ချင်းတွင်းတိုက်ဂါး-CTPDF တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပျူစခန်းမှစစ်ကောင်စီတပ်သားများမှာ ဒေသခံပြည်သူများထံမှလုယက်ခြင်းများမကြာခနပြုလုပ်လေ့ရှိပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးဒဏ်ရာရသူများအား ဘန့်ဘွေးပျူစခန်းသို့ပြန်လည်သယ်ဆောင်သွားကြောင်းလည်း သိရသည်။

ထို့အပြင် တိုက်ပွဲဖော်ဆောင်မှုများအတွင်း မောင်းပြန်သေနတ်မရှိဘဲ လက်လုပ်သေနတ်များသာအသုံးပြုနေရသည့်အတွက် လိုအပ်နေသည့်မောင်းပြန်တစ်လက်ဝယ်ယူနိုင်ရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန်လည်း ချင်းတွင်း တိုက်ဂါး-CTPDF မှတောင်းဆိုထားပါသည်။