ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

ကြားကာလအွန်လိုင်းအခြေပြုပညာရေး New Myanmar Education မှ မူလတန်းအဆင့်များ ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ယခင်က အလယ်တန်း၊အထက်တန်း၊အဆင့်မြင့်တက္ကသိုလ်အတန်းများကိုသာ လက်ခံသင်ကြားခဲ့ပြီး လက်ရှိတွင် မူလတန်းများကိုပါလက်ခံသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မူလတန်းအဆင့် Grade 1 မှ Grade 5 အထိ လက်ခံပေးမည်ဖြစ်ပြီး အသက် ၆ နှစ်အထက်မူလတန်းတက်ရောက်မည့်သူများအပ်နှံနိုင်မည်ဖြစ်ကာ ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ၍ ကျောင်းစတင်လက်ခံပေးနေပြီဖြစ်သည် ဟုဆိုသည်။

” မူလတန်းကိုပါ လက်ခံပြီးသင်ပေးမှာဖြစ်လို့ ခုကကျောင်းစတင်လက်ခံနေပြီပေါ့။ Grade 1 က အသက် ၆ နှစ်နဲ့အထက်ပေါ့။ အတန်းလိုက်အသက်ကန့်သတ်ချက်တွေရှိတယ်။ အသေးစိတ်ကို ကျနော်တို့page မှာ မေးမြန်းနိုင်ပါတယ်” ဟုNME ပညာရေး မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

NME ပညာရေးသည် ၂၀၂၁ ခုနှစ် ၊ မေလမှစတင်၍ အထက်တန်းပညာရေးဖြင့်စတင်သင်ကြားပေးခဲ့ပြီးနောက် အလယ်တန်း၊ တက္ကသိုလ်ပညာရေးအပြင် မူလတန်းများပါစတင်သင်ကြားပေးနိုင်ပြီ​ဖြစ် ကြောင်း သိရသည်။