နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီလ ၉ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ငါးဖယ်အိုးကျေးရွာမှာ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက ဆန်ကုန်သည်တစ်ဦး ဆန်တွေသယ်လာချိန် ဝိုင်းရိုက်နှက်ပြီး လုယက်တာခံခဲ့ရတယ်လို့ သိရပါတယ်။
ငါးဖယ်အိုးကျေးရွာ ရေတံခါးနားအရောက် ည ၁၀ နာရီလောက်မှာ ဆန်အိတ်တင်လာတဲ့ကားကိုတားပြီး အမည်မသိလူတစ်စုက ဝိုင်းရိုက်ကာ ဆန်အိတ်တွေကို လုယက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဖြစ်တာက ည ၁၀ နာရီလောက်ဖြစ်သွားတာ၊ ဆန်အိတ်တင်လာတဲ့ကားကို တားပြီး လုသွားတာ၊ ဆန်အိတ် ၈ အိတ်လည်းပါသွားတယ်၊ လူကိုလည်း ခေါင်းကိုရိုက်ခွဲသွားတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စားဝတ်နေရေးကြပ်တည်းနေချိန်မှာ ခုလိုမျိုး ကြံမိကြံရာလုပ်တာဖြစ်နိုင်တယ်လို့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အခြေခံလူတန်းစားတွေဘဝ နေထိုင်စားသောက်ရေးခက်ခဲလာတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မအူပင်မြို့နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုယက်မှုတွေ ခိုးမှုတွေ မကြာခဏဆိုသလို ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံရဲတွေက တရားခံဖမ်းပေးတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။